Saturday 24 January 2015

မြန်မာရေလုပ်သားများကို ပြစ်ဒဏ် လျှော့ပေါ့ ပေးရေး အိန်္ဒိယ အစိုးရ အကြောင်းမပြန်သေး

အိန်္ဒိယရောက် မြန်မာ ရေလုပ်သားများ အတွက် ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အိန်္ဒိယ အစိုးရ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းထား သော်လည်း သုံးလကြာသည် အထိ တိကျသော အဖြေမ ရရှိ သေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး  ဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ပြောသည်။

 လျှော့ပေါ့ပေးဖို့၊ သဘာဝဘေး ဒုက္ခသည် အဖြစ် သတ်မှတ်ပေးဖို့ ညှိနှိုင်း ထားတာ ဘာမှ အဖြေမရ သေးဘူး။ ကိုယ်စားလှယ် တွေက ဗဟို အစိုးရကို တင်ပြပေးပါမယ် ဆိုပြီး ဘာမှ အဖြေ မလာဘူး ဟု ၎င်းက ပြောသည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ အစိုးရ ၀န်ကြီးဌာန များနှင့် အိန်္ဒိယ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် အိန်္ဒိယရောက် မြန်မာရေ လုပ်သားများအား သဘာဝ ဘေးအန္တရာယ် ဒုက္ခသည်များ အဖြစ် ပြစ်ဒဏ်အား လျှော့ပေါ့ပြီး လျင်မြန်စွာ လွတ်မြောက်အောင် ညှိနှိုင်းထား သော်လည်း အိန်္ဒိယ အစိုးရဘက်မှ ယခုအချိန်အထိ တိကျသော တုံ့ပြန်မှုများ မရှိသေးကြောင်း ၎င်းက ဆိုသည်။

အိန်္ဒိယ ရေပိုင်နက်အား မသိရှိခြင်းနှင့် ခေတ်မီ စက်ကိရိယာများ မပါရှိ၍ အိန်္ဒိယ ရေပိုင်နက်အား ကျော်လွန်ရခြင်း ဖြစ်ကြောင်း၊ အကျဉ်း ကျခံပြီး လွတ်မြောက်လာပါက ပြန်လည် ထိန်းသိမ်းရေး စခန်းတွင် မြန်မာလူမျိုးများ အနေဖြင့် အနေအထိုင် ခက်ခဲကြောင်း၊ ထို့အပြင် ခွဲခြား ဆက်ဆံမှုများ ရှိကြောင်းကို အိန်္ဒိယရောက် မြန်မာ ရေလုပ်သားများ ထံမှ သိရသည်။

လုပ်သား ဆိုတာ မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးတယ်။ သူတို့က Camp မှာ နေရတာနဲ့ အကျဉ်းထောင်မှာ နေရတာ ဘာမှ သိပ်မကွာ ဘူး။ အစိုးရ အနေနဲ့ တစ်ကြိမ် မရရင်တော့ နှစ်ကြိမ်၊ သုံးကြိမ် အထိ ဆွေးနွေးသင့်တယ် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

၂၀၁၄-၁၅ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ စာရင်းများ အရ အိန်္ဒိယ အကျဉ်းထောင်တွင် အကျဉ်းကျခံနေ ရသော ရေလုပ်သား (၁၃၄၆) ဦး ရှိပြီး ဇန်န၀ါရီလ အတွင်း (၄၁၁) ဦးအား မြန်မာနိုင်ငံ အစိုးရမှ ပြန်လည် ခေါ်ယူနိုင် ခဲ့ကြောင်းနှင့် အဆိုပါ (၄၁၁) ဦးအား လူမှု ၀န်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ MAI လေကြောင်း၊ စင်းလုံးငှား လေယာဉ်ဖြင့် သုံးခေါက် ခေါ်ယူခဲ့ပြီး ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ ၎င်းတို့အား နေရပ်သို့ ပြန်လည် ရောက်ရှိရန် ခရီးစရိတ်၊ စားစရိတ် များအား ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment