Wednesday 1 October 2014

နိုင်ငံရေးမူဘောင်ရေးဆွဲရေး UNFC နှင့် တွေ့ဆုံရန် SNLD ပါတီ ဘန်ကောက်သို့ သွားရောက်

နိုင်ငံရေးမူဘောင် ရေးဆွဲရာတွင် UNFC ၏ အကြံပြုချက်များကို ရယူရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ပါတီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီဝင်များသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကြောင်း SNLD ရုံချုပ်တာဝန်ခံ ဦးစိုင်းရွှေကျူက ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်သော SNLD ပါတီသည် UNFC အဖွဲ့ဝင်များအပြင် ပြည်ပရောက် ရှမ်းတိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အဓိကကတော့ ဟိုမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ ကျန်းမာရေးကို ဘန်ကောက် ဆေးရုံတွင် စစ်ဆေးမည် ဖြစ်ပြီး ခရီးစဉ်မှာ ငါးရက် ကြာမြင့်မည် ဖြစ်ကြောင်း SNLD ပါတီထံမှ သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့သည် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း (UNFC) နှင့် ညှိနှိုင်းရေးဆွဲမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) တို့ သီးခြား ရေးဆွဲထားသော မူဘောင်များကို စုပေါင်းပြီး နိုင်ငံရေးပါတီ ၅၆ ပါတီ ဘုံသဘောတူညီမည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တစ်ရပ် ပေါ်ထွက် လာရေးကို ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ စက်တင်ဘာလ အတွင်း နှစ်ကြိမ်မြောက် အလွတ်သဘော တွေ့ဆုံထားသည်။

The Voice Weekly

No comments:

Post a Comment