Sunday 14 September 2014

ဓာတ်တိုင်၊ ဓာတ်ကြိုးအားနည်းချက်ကြောင့် ပြည်သူတွေ သေနေတာ ဘယ်သူတာဝန်ယူမလဲ


အခင်းဖြစ်ပွားခဲ့သည့် ဓာတ်တိုင်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ရပ်ကွက်ထဲမှ လမ်းဘေးတွင် လူ နှစ်ဦးဓာတ်လိုက်သေနေသည်ဟု သတင်းကြား၍ အိမ်ရှိကလေးများ ကို စစ်ကြည့်ရာ (၁၀)နှစ်အရွယ် သမီးငယ် အိမ်မှာ မရှိ၍ ဒေါ်ဥမ္မာ တစ်ယောက် စိတ်ပူသွားသည်။ စိတ်ထင့်နေသောကြောင့်  လူနှစ် ယောက် ဓာတ်လိုက်သေဆုံးနေ သော နေရာသို့ အပြေးသွားကြည့် ရာ သေဆုံးသူနှစ်ဦးကို မြင်လိုက် သည်နှင့် ဒေါ်ဥမ္မာတစ်ယောက် ချုံးပွဲချငိုပါတော့သည်။

စက်တင်ဘာ ၁၂ ရက် ညဦး ပိုင်းက ဒေါ်ဥမ္မာတို့၏ အိမ်နီးနား ချင်း အသက်(၄၀)နှစ် အရွယ် ဒေါ်အေးအေးဆန်းက ဗီဒီယိုအ ခွေသွားအပ်ရန် ဒေါ်ဥမ္မာ၏ သမီး ငယ် ဖြူစင်ငြိမ်းနှင့် အသက်
(၁၅)  နှစ်အရွယ် ကုလားလေးတို့ကို အဖော်အဖြစ် ခေါ်သွားသည်။ ဆိုင်တွင် အခွေအပ်ပြီးအပြန် မိုး ရွာသောကြောင့် ကားမှတ်တိုင် တွင် ခေတ္တမိုးခိုသည်။ မိုးခိုစဉ် လမ်းဘေးဓာတ်တိုင်မှ ကြွေသီး ကွဲ၍ ဓာတ်အားလိုင်းထဲမှ လျှပ် စစ်များက သံဖြင့်ပြုလုပ်သော ဓာတ်တိုင်သို့ လျှပ်စီးဝင်ရောက် မှု ဖြစ်ပွားရာ ကြောက်လန့်၍ ထွက်ပြေးကြသည်။ ထွက်ပြေးစဉ် ဓာတ် တိုင်အောက်ရှိ ရေဗွက်အိုင်ကို နင်းမိရာမှ ဖြူစင်ငြိမ်းနှင့် ဒေါ်အေးအေးဆန်းတို့ ဓာတ်လိုက်၍ သေဆုံး သွားခြင်း ဖြစ်သည်။
‘‘ဓာတ်လိုက်တော့လည်း ဒေါ်အေးအေးဆန်းကို အရင် ဓာတ်လိုက်တာ။ အဲဒါကို သူက သွားဆွဲတာ။ ကျွန်မမှာ သမီးလေးက ဒီတစ်ယောက်ပဲ ပါတာ’’ ဟု နာရေးဖိတ်စာကို ၀မ်းနည်းစွာကြည့်ရင်း ပါးပေါ်တွင် စီးကျနေသော မျက်ရည်စက်များကို သုတ်ကာ ဒေါ်ဥမ္မာက ပြောသည်။
စက်တင်ဘာ ၁၂ ရက်ညတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ ၁ ရပ်ကွက်၊ သုမင်္ဂလာလမ်း ရှိ ကြွေသီးကွဲပြီး ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်တိုင်သို့ စီးဝင်သောကြောင့် ဓာတ်တိုင်နားရှိ ရေအိုင်တွင် ဓာတ်ကူးကာ လူနှစ်ဦးဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်တိုင်သည် မကြာခဏရှော့ခ်ဖြစ်နေသော ဓာတ်တိုင်ဖြစ်ကြောင်း ၁၆/၁ ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ နေ ပြည်သူများကြား အဓိကစိုး ရိမ်စရာ ဖြစ်လာသော ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သေဆုံးနေ မှုများဖြစ်ကာ ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်မှု ပိုမြင့်မားလာ စေသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ တွင် ဓာတ်ကြိုးပြတ်ကျမှုနှင့် ကြွေ သီးကွဲပြီး ဓာတ်တိုင်သို့ လျှပ်စီး ကာ အနီးရှိလူများ ဓာတ်လိုက် သေဆုံးသူ ရှစ်ဦးထိ ရှိခဲ့သည်။
ယခု လျှပ်စစ်ဝင်ရောက်မှု ကြောင့် ဓာတ်လိုက်သေဆုံးသူ နှစ်ဦးကိုလည်း နစ်နာကြေးအဖြစ် ကျပ်နှစ်သိန်းစီသာ ပေးအပ်ထားပြီး သက်ဆိုင်ရာလျှပ်စစ်ဌာနက မတော်တဆကြောင့်သာ ဖြစ်သည်ဟု ပြောဆိုထားသည်။
‘‘ဓာတ်ကြိုးပြတ်ကျလို့ သေ တာလည်း မဟုတ်ဘူး။ မိုးရွာလို့ ကြွေသီးနာပြီး ကွဲတာ။ ဌာနမှာ တာဝန်ရှိသလားလို့ မသိသေးဘူး။ခုံရုံးဖွဲ့မှပဲ သိရမှာ’’ ဟု ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးလှမြင့်က ပြောသည်။ ကွဲသွားသော ကြွေသီးသည် အင်္ဂလန်မျိုးအစား အကောင်းစားဖြစ်ကြောင်း ဦးလှမြင့်က ဆက်ပြောသည်။
‘‘မတော်တဆမှုကြောင့် ဓာတ်လိုက်သေဆုံးရတာဆိုရင် သက်ဆိုင်ရာ ဌာနတစ်ခုခုမှာ တာ ၀န်ရှိတယ်။ လူတွေက သူ့ဟာ သူ အိမ်မှာနေရင်း သေရတာမဟုတ် ဘူး။ သဘာဝဘေးအန္တရာယ် ကြောင့် သေရတာမဟုတ်ဘူး။ မကောင်းတဲ့ ပစ္စည်းတွေကို ဌာန က ပြုပြင်ခြင်း မရှိလို့ သေရတာ။ နစ်နာကြေးရလိုမှုနဲ့ တရားစွဲလို့ ရတယ်’’ဟု တရားလွှတ်တော်ရှေ့ နေဦးကိုနီက ဓာတ်လိုက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ အကြံပြုပြောဆို သည်။
ဓာတ်ကြိုးများ ပြတ်ကျမှုနှင့် ဓာတ်တိုင်ချို့ယွင်းချက်များကြောင့် လူသေဆုံးမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူများက အရည်အသွေးညံ့ဖျင်းသောပစ္စည်းများ အသုံးပြုခြင်းနှင့် ကြိုးတပ်ဆင်ရာတွင်နည်းစနစ်မကျမှုတို့ကြောင့် ဖြစ်ကြောင်းလျှပ်စစ်ပညာရှင်များက ပြောသည်။ သို့သော်လည်း ယခုဖြစ်စဉ်မှာ သက်ဆိုင်ရာ လျှပ်စစ်ဌာနများက မတော်တဆကြောင့်သာ ဖြစ် သည်ဟု အကြောင်းပြသည်။
ဇွန်လ ၂၃ ရက်က လှည်း တန်းပေ ၅၀ လမ်းတွင် ဓာတ်ကြိုး ပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးမှုနှင့် ဇွန်လ ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးမှုများတွင် သက်ဆိုင်ရာဌာနက နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ နာရေးအတွက်သာ ကူညီပေးခဲ့သည်။
ဇူလိုင် ၁၅ ရက်က လှိုင်သာ ယာမြို့နယ် ၁၅ ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ ဓာတ်တိုင်မှ ဓာတ် ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ် လာသူ အမျိုးသမီးသုံးဦးဓာတ် ကြိုးပတ်မိကာ ဓာတ်လိုက်သေ ဆုံးမှုဖြစ်စဉ်တွင်သာ နစ်နာကြေး အဖြစ် ၂၃ သိန်းကျပ်စီ ပေး ဆောင်ခဲ့သည်။
‘‘အင်္ဂလန်အမျိုးအစား ကြွေ သီးတွေက ကွဲခဲတယ်။ တရုတ် အမျိုးအစား မကောင်းတာတွေ သုံးလို့ ကွဲတာ။ နောက်ပြီး ဓာတ်တိုင်ကလည်း ကျောက်တိုင်ဆိုရင် ဓာတ်လိုက်ဖို့ရာ နည်းတယ်။ သံတိုင်မို့လို့ အခုလို ဖြစ်သွားတာ’’ ဟု လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ကိုကျော်စိုးမိုးက ပြောသည်။
ဓာတ်ကြိုးများ ပြတ်ကျမှု ကြောင့် လူသေဆုံးမှုနှင့် ဓာတ် တိုင်တွင် တပ်ဆင်ထားသော အရာများ ချို့ယွင်းမှုများကြောင့် လူသေဆုံးမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူများကို အမှုဖွင့်၍ တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်ခြင်းမရှိကြဘဲ သေမှုသေခင်းဖြင့်သာ အမှုဖွင့်ပြီး ပြီးဆုံးသွားကြသည်။ ဓာတ်ကြိုးကြောင့် ဓာတ်လိုက် သေဆုံးပါက သက်ဆိုင်ရာလျှပ်စစ်ဌာန၏ တာဝန်ရှိသူအပိုင်းကို မေးခွန်းထုတ်ခြင်းမရှိ။ တာဝန်ယူခိုင်းသည့် အလေ့အထလည်း မရှိသေးပေ။
ထို့အတူ လျှပ်စစ်ဦးစီးဌာန ကလည်း မြို့သူ၊ မြို့သားများ အား ထိခိုက်သေဆုံးမှုအတွက် တာဝန်ရှိကြောင်း တောင်းပန်ခြင်း မရှိဘဲ နှုတ်ဆိတ်နေလေ့ရှိသည်။
ဓာတ်လိုက်သေဆုံးသည့် လူနာရှင်၏ မိသားစုဝင်များသည် နစ်နာကြေးတစ်စုံတစ်ရာ မတောင်းဆိုချင်သော်လည်း သက်ဆိုင်ရာဌာနက ၎င်းတို့အပြစ်ရှိကြောင်းပြည်သူများအား ဝန်ခံပေးရန်သာ လိုအပ်ကြောင်း သေဆုံးသည့် မိသားစုဝင်နှစ်ဖက်စလုံးက ပြောဆိုကြသည်။
ကျိုက္ကဆံအနောက်ရပ်ကွက် တွင်နေထိုင်ကြသော ဓာတ်လိုက် သေဆုံးသည့် မိသားစုဝင်များသည် တစ်နေ့လုပ်တစ်နေ့စား မိသားစုဝင်များဖြစ်ကြပြီး အိမ်နီးချင်းများဖြစ်ရာ ၆ ပေဝန်းကျင် ကျယ်ဝန်းသော အိမ်ခန်းများတွင် တစ်လနှစ်သောင်းနှုန်းပေးကာ အိမ်ငှားနေထိုင်ကြသူများဖြစ်သည်။
‘‘ကျွန်မသမီးလေးကို ရပ် ကွက်ကသူတွေက အရမ်းချစ်ကြ တာ။ အခုမှ နှစ်တန်းပဲ ရှိသေး တယ်။ ညဘက်တွေဆိုရင် ဘယ် မှမလွှတ်ဘူး။ မနေ့ညကမှ အဖော်လိုက်သွားတာပဲ’’ဟု ဒေါ်ဥမ္မာက ငိုရင်းပြောသည်။
ဒေါ်ဥမ္မာတွင် သားသမီး လေးဦးရှိရာ ဓာတ်လိုက်သေဆုံးသည့်သမီးငယ်သည် တတိယ မြောက်သမီးဖြစ်သည်။ ၎င်း၏ အမျိုးသားသည် သစ်စက်တစ်ခုတွင် လုပ်ကိုင်နေပြီး ၎င်းက ပလတ်စတစ်အရည်ကြိုစက်တွင် လုပ်ကိုင်နေသည်။
ဖြူစင်ငြိမ်းနှင့်အတူ ဓာတ် လိုက်သေဆုံးသည့် ဒေါ်အေး အေးဆန်းသည် ယောက်ျားဖြစ်သူ နှင့် ကွဲကွာနေသူဖြစ်ပြီး အစ်ကို၊ အစ်မတို့နှင့်အတူ နေထိုင်ကြသူဖြစ်သည်။
ဒေါ်ဥမ္မာ၏ အိမ်ရှေ့တွင်  နာရေးအတွက် ဝါးလုံးများထိုးကာ မိုးကာများဖြင့် အမိုးများ မိုးနေကြ သည်။ နာရေးဖိတ်စာများ ရေတွက်နေသူများက ရေတွက်နေကြသည်။ ဒေါ်ဥမ္မာနှင့် ဒေါ်အေးအေးဆန်း၏ မိခင်ဖြစ်သူတို့က အိမ်ခန်းကျဉ်းကျဉ်းထဲတွင် ငိုနေကြသည်။ ဖြူစင်ငြိမ်း၏ ဖခင်ဖြစ်သူမှာတော့ သေဆုံးသူသမီးအား သင်္ဂြိုဟ်ရန် ရေဝေးသုသာန် ရေခဲတိုက်တွင် ပြင်ဆင်မှုများ သွားရောက် လုပ်ဆောင်နေသည်။

7 Day Daily

No comments:

Post a Comment