Sunday 14 September 2014

မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး

Photo: မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး
Sunday, September 14, 2014

မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်က တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်မည့် ထိုင်းကုန်တင်ယာဉ် ၃ဝ စင်းအားKNU၊ KNLA မှ ဗိုလ်မှူးကြီး တိုင်းဂါးဦးဆောင်သည့်အဖွဲ့မှ တားဆီးစစ်ဆေးရခြင်းမှာ မြန်မာနိုင်ငံမှ ကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်သော်လည်း နည်းမျိုးစုံဖြင့် ဖမ်းဆီးစစ်ဆေး ငွေညှစ်ခံနေရခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ခရိုင်ကသွားရင် သူတို့မစစ်ဘူး။ ရဲသွားရင် မစစ်ဘူး။ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေသွားရင် အမြဲစစ်တယ်။ ပြီးရင် အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တယ်။ ဒါကိုဖြေရှင်းချင်လို့ ခုလိုလုပ်တာပါ” ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံကကားသမားတွေဟာ ထိုင်းရဲတွေ ငွေညှစ်တာ အမြဲခံရတယ်။ ဒီမနက်သွားတာ လေယာဉ်ကွင်း အလွန်မှာ တစ်ယောက် ဘတ် ၁ဝဝ ပေးခဲ့ရပါတယ်။ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပါပေမယ့် နယ်လွန်တယ်ဆိုပြီး ရဲစခန်းခေါ် ငွေညှစ်တာထိရှိတယ်” ဟု မဲဆောက်သို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်လမ်းကြောင်းမှ နယ်စပ်စခန်းသို့ လာရောက်သည့် ထိုင်းကုန်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးနေသည့် နေရာသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌတို့ ရောက်ရှိလာပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်သို့ တရားဝင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးကာ ထိုင်းကုန်ကားများအား ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း)
Eleven Media Group

No comments:

Post a Comment