Wednesday 23 July 2014

လွတ်မြောက်နေဆဲ တရားခံများ

ညနေခင်းကတည်းက လမ်းလျှောက်ထွက်သွားသော အသက်(၇၀)ကျော် ဖခင်ဖြစ်သူသည် ည ၈ နာရီကျော် အမှောင်ကျသည်အထိ အိမ်သို့ပြန်ရောက်မလာနိုင်သဖြင့် ဒေါက်တာသန့်ဇင်ထွန်းတစ်ယောက် ရတက်မအေးဖြစ်ကာ လိုက်လံရှာဖွေခဲ့သည်။ဖခင်ဖြစ်သူ လမ်းလျှောက်ထွက်လေ့ရှိသည့် ကမ်းနားလမ်းတစ်လျှောက် မော်တင်၊ ပန်းဆိုးတန်း စသော နေရာများတွင် လိုက်လံရှာဖွေခဲ့သော်လည်း ဖခင်၏အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ဖခင်ဖြစ်သူကို နီးစပ်ရာ လိုက်လံမေးမြန်းရင်း သန်းခေါင်ယံတိုင်လာချိန်တွင် ရဲစခန်းများကိုစုံစမ်း၊ ရန်ကုန်ဆေးရုံကြီးကို စုံစမ်းခဲ့ရာ ရန်ကုန်ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်း ရောက်နေသည်ဟု ကြားမိသောကြောင့် ဖခင်မဟုတ်ပါစေနှင့်ဟု ဆုတောင်းကာ သွားကြည့်မိခဲ့လေသည်။ဒေါက်တာသန့်ဇင်ထွန်း၏ ဆုတောင်းမပြည့်ခဲ့ပါ။
ဖခင်ဖြစ်သူ ၀တ်လေ့ဝတ်ထရှိသော တီရှပ်အင်္ကျီအဖြူရောင်နှင့် ဘောင်းဘီတိုတို့က ဖခင်ဖြစ်ကြောင်း သက်သေထူနေသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးလွတ်မြောက်သော အရေအတွက်မှာ မြင့်မားနေသည်။ ရန်ကုန်မြို့လယ်တစ်နေရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကားတစ်စီးအားတွေ့ရစဉ် [ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)]
ဒေါက်တာသန့်ဇင်ထွန်း၏ဖခင်မှာ ဇူလိုင် ၆ ရက်ညနေပိုင်းက လူသွားလူလာများလှသော ပန်းဆိုးတန်းဆိပ်ကမ်းအနီး အမြန်လမ်း(ကွန်ကရစ်လမ်း)ပေါ်တွင် ယာဉ်တိုက်ခံရပြီး ဦးခေါင်းကြေမွကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ တိုက်ခဲ့သော ယာဉ်မောင်းမှာ ယနေ့အထိ ထွက်ပြေးလွတ်မြောက်နေသည်။ယင်းသို့ ညနေဘက် လူသွားလူလာ ပြတ်သောနေရာတွင် ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းကို သီတင်းနှစ်ပတ်အကြာ ဖမ်းဆီးနိုင်ခြင်းမရှိခဲ့သော အဖြစ်မျိုးအပြင် ညပိုင်း လူသူပြတ်သော အချိန်တွင် ယာဉ်တိုက်ပြီး တာဝန်မယူဘဲ ထွက်ပြေးသွားသော အမှုများများစွာ ရှိနေပါသေးသည်။
ဒေါက်တာသန့်ဇင်ထွန်း၏ ဖခင်ကဲ့သို့ပင် ကားတိုက်ခံရသဖြင့် ခင်ပွန်းဖြစ်သူကို လောလောလတ်လတ် ဆုံးရှုံးထားရသူမှာ အသက်(၃၅)နှစ်အရွယ် မမေဦး ဖြစ်သည်။
‘‘ကျွန်မတို့လည်း ပထမတော့ ရဲစခန်းကို ခဏခဏသွားပြီး မေးပါသေးတယ်။ နောက်တော့ သူတို့ကလည်း တွေ့ရင်ဖုန်းဆက်လိုက်ပါမယ်လို့ပြောတော့ ကျွန်မလည်း စိတ်ပျက်လာပြီး အခုမသွားဖြစ်တော့ပါဘူး’’ဟု ဇူလိုင် ၁၅ ရက်က ကမ္ဘာအေးဘုရားလမ်းပေါ် သစ္စာလမ်းအနီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရသည့် မမေဦးကပြောသည်။

မမေဦး၏ ခင်ပွန်းဖြစ်သူသည် အလုပ်တွင် ညဆိုင်းဆင်းပြီး၍ အိမ်အပြန် နံနက် ၂ နာရီခန့်တွင် ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးသွားပြီး လမ်းပေါ်တွင် လူရှင်းချိန်ဖြစ်သောကြောင့် ယာဉ်မောင်းမှာ ထွက်ပြေးသွား၍ သက်သေခံ တစ်စုံတစ်ရာ ရရှိနိုင်ခြင်းမရှိခဲ့ပေ။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားနှစ်စီးကို တွေ့ရစဉ် [ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)]
မမေဦး၏ခင်ပွန်း သေဆုံးမှုတွင် မျက်မြင်သက်သေ မရှိနိုင်သော အချိန်အခါဖြစ်သောကြောင့် တရားခံမမိခဲ့သော်လည်း ဒေါက်တာသန့်ဇင်ထွန်း၏ဖခင် ယာဉ်တိုက်ခံရချိန်သည် ညနေဘက်ဖြစ်ပြီး လူအသွားအလာများသော နေရာဖြစ်၍ တိုက်ခဲ့သော ယာဉ်အမျိုးအစားကိုပင် မမှတ်မိခဲ့ကြသဖြင့် မိသားစုမှာ မချိတင်ကဲ ဖြစ်ခဲ့ကြရသည်။

‘‘ဖြစ်တဲ့အချိန်က ညနေဘက်ကြီးဗျာ လူတွေလည်းရှိနိုင်တဲ့ အချိန်ပါ။ ဒါကို အဲဒီနားက လူတွေက ဘာမှမသိကြဘူး။ ၁၀ ရက်လောက်ကြာမှ ကားကိုဖမ်းမိတယ်။ ခုထိတော့ လူကိုမမိသေးဘူး’’ဟု ဒေါက်တာသန့်ဇင်ထွန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ တစ်နှစ်တာအတွင်းမှာပင် ယာဉ်တိုက်ပြီး ထွက်ပြေးသော အမှုပေါင်း ၂၁၄၃ မှုရှိနေပြီး အမှု ၁၆၀၀ ကျော်ကိုသာ အရေးယူနိုင်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သူ ၁၀၈ ဦးကို ဖမ်းဝရမ်းထုတ်ထားရကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားခဲ့သည်။

ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ယာဉ်တိုက်မှု ၁၅၀၀ ကျော်ရှိနေပြီး ထွက်ပြေးတိမ်းရှောင်မှုများကိုမူ ယာဉ်မှုစစ်ရုံးက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့် တင်မည်ဆိုပါက ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က  ၂၀၁၃ နှစ်ကုန်ခါနီးတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ယာဉ်တိုက်မှုဖြစ်ပွားပြီး တာဝန်ယူစိတ်၊ စာနာစိတ်မရှိဘဲ ထွက်ပြေးမှုများက မကြာခဏ ဖြစ်ပွားနေဆဲ။

ယာဉ်တိုက်မှုများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုဒ်မလေးမျိုးဖြင့် အရေးယူလေ့ရှိသည်။

ယင်းအနက် ယာဉ်တိုက်မှုကြောင့် လူသေရာတွင် အရေးယူဆောင်ရွက်သော ပုဒ်မ ၃၀၄(က) ပေါ့ဆခြင်းကြောင့် လူသေပါက အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်အထိ အရေးယူနိုင်ပြီး ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်ပါက ပုဒ်မ၂၀၂ တပ်ကာ ၀ရမ်းထုတ်ဆောင်ရွက်သည်ဟု ယာဉ်မှုစစ်ရုံးမှ ရဲအုပ်တစ်ဦးကပြောသည်။

ယာဉ်မောင်းပေါ့ဆမှုကြောင့် လူသေမှုဖြစ်ပါက ထောင်ခုနစ်နှစ်ချမှတ်ခြင်းသည် ထိုက်တန်မှုရှိသော်လည်း ယာဉ်မောင်းသူက မှန်ကန်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် တိုက်ခံရသူဘက်က မှားယွင်းနေပါက ယင်းပြစ်ဒဏ်သည် တရားခံနှင့် မထိုက်တန်ကြောင်း အထက်တန်းရှေ့နေ ဦးရဲနောင်က သုံးသပ်သည်။

ယာဉ်တိုက်မှုများ၊ ထွက်ပြေးသူများကို ဖမ်းဆီးအရေးယူရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ကသာ ဆောင်ရွက်ရပြီး သတင်းရ၍ သွားရောက်ဖမ်းဆီးမည်ဆိုပါက သက်ဆိုင်ရာနယ်မြေခံရဲများနှင့် ပူးပေါင်းကာ ဆောင်ရွက်လေ့ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ဖမ်းဆီးအရေးယူမှုကို ပြောပြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၄ ဇန်န၀ါရီမှ ဧပြီလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၅၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူ ၁၆၅၂ ဦး သေဆုံးခဲ့ကာ လူတစ်သောင်းခန့် ဒဏ်ရာရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း ၁၁၃၈၃ မှု ဖြစ်ပွားခဲ့ပြီး ၁၉၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူပေါင်းသုံးသောင်းခန့် သေဆုံးခဲ့ရသောကြောင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူများမှာ ထက်ဝက်ကျော်နေပြီ ဖြစ်သည်။

ယာဉ်မှုစစ်ရုံးများ၏ စာရင်းများအရ လစဉ်ရန်ကုန်မြို့တွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များ၏ ၇၀ ရာခိုင်နှုန်းမှာ ထွက်ပြေးတိမ်းရှောင်သော အမှုဖြစ်ပြီး ထက်ဝက်ခန့်မှာ လိုင်းကားမောင်းသူများနှင့် ကုမ္ပဏီကားမောင်းသူများ ဖြစ်နေပြန်သည်။ ရန်ကုန်သာမက တစ်နိုင်ငံလုံးတွင်လည်း အလားတူပြဿနာရှိပြီး လူပေါင်းများစွာ သေဆုံးခဲ့သော တောင်ပြာတန်းယာဉ်မောင်းပင် လွတ်မြောက်နေဆဲဖြစ်သည်။

‘‘ဘယ်သူမဆို တိုက်မိသွားလို့ လူရှင်းနေရင်တော့ ထွက်ပြေးမှာပဲ။ ဘယ်သူမှသွားပြီး အဖမ်းမခံနိုင်ဘူး။ ပြီးတော့ ကိုယ်ဘက်ကလည်း မှန်သေးတယ်၊ ကိုယ်နဲ့တိုက်မိလို့ရှိရင် ဘေးကလူတွေက ၀ိုင်းပြီးဆွမ်းကြီးလောင်းမှာလည်း ကြောက်ရသေးတယ်’’ဟု အမည်မဖော်လိုသူ လိုင်းကားမောင်းသူတစ်ဦးကဆိုသည်။

ယာဉ်တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သူများကို အမည်၊ နေရပ်လိပ်စာ စသည့်ကိုယ်ရေးအချက်အလက်များ သိသော်လည်း အချို့အမှုကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ အချို့သော အမှုများသည် ကာလကြာ၍ ပျောက်ပျက်သွားသည်များပင် ရှိနေသည်ဟု ယာဉ်မှုစစ်ရုံးမှ အရာရှိတစ်ဦးကဆိုသည်။

‘‘ကျွန်တော်တို့ ရဲတပ်ဖွဲ့ကိုလည်း အားကိုးပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုလည်း ယုံကြည်ပါတယ်။ ပြီးတော့ တရားဥပဒေကိုလည်း ယုံကြည်ပါတယ်။ ကျွန်တော်ဖြစ်တဲ့အမှုမှာ လူသားချင်းစာနာသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များရဲ့အရည်အချင်းကို ပြသနိုင်ပါစေဗျာ’’ဟု ဒေါက်တာသန့်ဇင်ထွန်းကပြောသည်။

‘‘သူတို့ဘက်က ဒီလိုမျိုး ထွက်ပြေးပြီးရင် ဆင်းရဲတဲ့သူဆိုရင် လျော်လိုက်မယ်။ လူလတ်တန်းစားဆိုရင် ထွက်ပြေးမယ်။ ပြီးရင် အမှုပျောက်လိုက်မယ်။ သူတို့ထက် အာဏာရှိတဲ့သူဆိုရင်တော့ အမှုကို မရမကဖော်လိမ့်မယ်’’ဟု ဒေါက်တာသန့်ဇင်ထွန်းက သူ့အမြင်ကိုသုံးသပ်သည်။

ယင်းအမှုမျိုးတွင် ရဲတပ်ဖွဲ့၏ အရေးယူမှုမှ လွတ်မြောက်နေဦးမည်ဆိုပါက ယာဉ်တိုက်မှုကျူးလွန်သူများဘက်ကသာ အသာရနေဦးမည့်အပြင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများကိုလည်း တာဝန်ယူမှုမရှိဘဲ လွယ်လွယ်ကူကူပင် တိမ်းရှောင်နေဦးမည်ဖြစ်ကြောင်း ဒေါက်တာသန့်ဇင်ထွန်းကဆိုပါသည်။ ထိုသို့ဖြစ်ရပ်များလာလျှင် ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရဘဲ လွတ်မြောက်ခဲ့သော ယာဉ်မောင်းများက အလားတူပြစ်မှုမျိုးကို ထပ်ခါထပ်ခါ ကျူးလွန်လာနိုင်ကြောင်း ဒေါက်တာသန့်ဇင်ထွန်းကပြောသည်။

ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းများကို ထိရောက်စွာအရေးမယူပါက ပြည်သူများ၏ ယုံကြည်အားထားမှု လျော့ကျမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု လျော့ကျလာမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

‘‘အဲဒီလိုတာဝန်ရှိတဲ့လူတွေက မသိကျိုးကျွန်လုပ်လာရင် ကြာလာရင် ပြည်သူတွေကလည်း ယုံကြည်မှု၊ အားကိုးမှုတွေ လျော့နည်းလာမယ်။ အဲဒီလိုလျော့နည်းလာသလို တာဝန်ရှိသူဘက်ကလည်း ငါတို့အပေါ်မှာ မယုံရင်နေဆိုပြီးတော့ ဥပေက္ခာပြုရင် နှစ်ဖက်စလုံး ဥသျှစ်သီးနှစ်လုံးကိုင်ထုသလို အကျိုးမရှိဖြစ်တတ်တယ်။ နောက်ပြီး တရားဥပဒေစိုးမိုးရေးဘက်မှ လုံခြုံရေးကအဓိက၊ ရဲတပ်ဖွဲ့ဆိုတာ ဒုတိယလက်နက်ကိုင်အဖွဲ့အစည်းပဲ။ အဲဒီလို အဖွဲ့အစည်းမှာ အားကြိုးမာန်တက်မလုပ်ဘူးဆိုရင် အခု လူတွေတောင်းဆိုနေတဲ့ သက်ဆိုင်ရာလူကြီးတွေ ချမှတ်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဘယ်လိုလုပ်ရောက်မှာလဲ။ ဒါက တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်လို့မရဘူး။ အများမှာ တာဝန်ရှိတယ်။ အများက အသိစိတ်ဓာတ်ကိုယ်စီနဲ့ လုပ်သင့်တယ်လို့မြင်ပါတယ်’’ဟု ဦးခင်ဇော်(မရမ်းကုန်း)က သုံးသပ်ပြောဆိုသည်။
http://www.7daydaily.com

No comments:

Post a Comment