Wednesday 23 July 2014

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးကာ မြေပြိုသဖြင့် ဂျေယန်းဒုက္ခသည်စခန်းတွင် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် ငါးဦးသေဆုံး

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ရေကြီး၍ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၂ ရက်က လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် လူငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၀ ရက်မှစတင်ကာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ ရက် နံနက် ၇ နာရီတွင် ချောင်းအနီး တောင်ကုန်းအောက်ခြေတွင် ဆောက်ထားသည့် ဒုက္ခသည်စခန်းတွင် မြေပြိုကျသဖြင့် အိမ်ထောင်စုနှစ်ခု ပေါင်းနေထိုင်သည့် တဲအိမ်တစ်ခုပါသွားကာ လူငါးယောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာဒုက္ခသည်စခန်းများ စောင့်ရှောက်ဆိုင်ရာ ဥက္ကဋ္ဌ ဦးဒွဲဘီဆားက အတည်ပြုပြောကြားသည်။

“မိုးက ဆက်တိုက်ရွာနေတော့ ရေလည်းကြီးတယ်။ တောင်တွေလည်း ပြိုတယ်။ ဒီနေ့မနက် ၇ နာရီအချိန်မှာ ဖြစ်သွားတာပါ။ လေးနှစ်ကလေးတစ်ယောက် ပါတယ်။ နောက် ၁၃ နှစ်၊ ၁၅ နှစ်အရွယ် ကျောင်း သားနှစ်ယောက် ပါတယ်။ အဘွားကြီးတစ်ယောက် ပါတယ်။ လူကြီးတစ်ယောက် အားလုံးငါးယောက်။ အလောင်းတွေလည်း ပြန်ရပါပြီ။ ကျန်တဲ့သူတွေတော့ ဘာမှမဖြစ်ကြပါဘူး” ဟု လိုင်ဇာဒုက္ခသည်စခန်းများ စောင့်ရှောက်ရေးဆိုင်ရာဥက္ကဋ္ဌ ဦးဒွဲဘီဆားက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် ဒုက္ခသည်စခန်း၌ အခြေအနေမှာ စိတ်ချရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း ဒုက္ခသည်များအား အန္တရာယ်ကင်းလွတ်ရာ နေရာသို့ ပြောင်းရွှေ့ပေးထားကြောင်း ဆက်လက်ပြော ကြားသည်။

အစိုးရတပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ် ကေအိုင်အေတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် ဒုက္ခသည်စခန်း ၅၀ ကျော်ရှိရာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းတွင် စခန်း ၁၉ ခုအထိရှိပြီး ဂျေယန်းဒုက္ခသည်စခန်းတွင် စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ သွားရောက်ကာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ 

Eleven Media Group 

No comments:

Post a Comment