Tuesday 24 June 2014

နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင်တင်ပြနိုင်ရန် စီစဉ်

မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ယခုကျင်းပဆဲ အမျိုးသား လွှတ်တော်သို့ တင်ပြနိုင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပီအာရ်စနစ်အကောင်အထည်ဖော်ရေးကော်မရှင် ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။‘‘ဒီလွှတ်တော်မှာ တင်နိုင် အောင်လုပ်မယ်လို့ ခေါင်းထဲမှာ စဉ်းစားထားတယ်။ တစ်ယောက်တည်းဆုံးဖြတ်ပြီးလုပ်တာထက် အဖွဲ့ဝင် တွေနဲ့ လည်း လွှတ်တော်အမီတင်နိုင်အောင် ဆွေးနွေးရမယ်’’ ဟု ဦးဇော်မြင့်ဖေက ဆိုသည်။ အမျိုးသား လွှတ်တော် ပီအာရ်ကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးကို ယခုတစ်ပတ်အတွင်း ခေါ်ယူရန် စီစဉ် ထားပြီး ပီအာရ်စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်သွားမည်ဟုလည်း ၎င်းကပြောသည်။ အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မရှင် တစ်ရပ် ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၄၁ ဦးဖြင့် ဇွန်လ ၁၃ ရက်က စတင်ဖွဲ့စည်းလိုက်သော်လည်း ကော်မရှင်မှ လွှတ်တော်သို့ အစီရင်ခံစာတင်ပြ ရမည့် အချိန် သတ်မှတ်ချက် ကို သတ်မှတ်ထားခြင်း မရှိပေ။

ကော်မရှင်တွင် ပါဝင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ငါးဦး သည် ပါတီ၏ မူဝါဒနှင့် မကိုက် ညီသည့်အတွက် ကော်မရှင်မှ နုတ်ထွက်ခဲ့ကြသည်။ ထို့ပြင် ကော်မရှင်တွင် ပါ ၀င်နေသော တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ကော်မရှင်တွင်ဆက်လက်ပါဝင်သင့်၊မသင့် စဉ်းစားနေကြသည်ဟု ယင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
‘‘ကျွန်တော်တို့ကတော့ ပီ အာရ်ကို ကန့်ကွက်ခဲ့တယ်။ အခု ကော်မရှင်ထဲမှာ ပါနေတယ်ဆို ပေမယ့် အခြေ အနေကို စောင့်ကြည့်နေတုန်းပါပဲ’’ ဟု ရခိုင်အမျိုးသား ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ဆို သည်။ ဇွန်လ ၁၁ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကို လာ မည့် ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော်၌ ကျင့်သုံးရန် အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီများမှ လွှတ် တော်ကိုယ်စားလှယ်များက ကန့် ကွက်မဲပေးခဲ့ကြသည်။
သို့သော် အမျိုးသားလွှတ်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် အများစု၏ ထောက် ခံမဲကြောင့် ယင်းအဆိုမှာ အ တည် ဖြစ်ခဲ့သည်။
ကော်မရှင်သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန်သင့်လျော်သည့် ပီအာရ်စနစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပူး ပေါင်းဆွေးနွေးကာ အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာ တင် ပြရမည်ဖြစ်သည်။
7 Day Daily

No comments:

Post a Comment