Wednesday 21 May 2014

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံညှိနှိုင်းရန် အစိုးရနှင့် NCCT ယနေ့တွေ့မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ယနေ့ (မေ ၂၁) တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင် များက ပြောကြားသည်။
သြဂုတ်လမတိုင်မီ လက်မှတ် ရေးထိုးနိုင်ရန် ရည်ရွယ်ထားသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ပူး တွဲ ရေးဆွဲရေးအတွက် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCCT အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ ၌ တတိယ အကြိမ်အဖြစ် မေလ ၂၁ မှ ၂၂ ရက်နေ့အထိ တွေ့ ဆုံမည် ဖြစ်ကြောင်း မြန် မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်ရပ်စာချုပ် ဆွေးနွေးမှု၌ ကျန်ရှိနေသော ကွဲလွဲချက်များကို ထပ်မံညှိနှိုင်းမည် ဖြစ်ကြောင်း၊ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ် ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်ရှစ်ဦး ပါဝင်မည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။ 

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပစ်ရပ်စာချုပ် ညှိနှိုင်းရာတွင် အခြေအနေ တိုးတက်လာသော် လည်း တပ်မတော်၏ ရပ်တည်ချက် များကြောင့် ဆက်လက်ညှိနှိုင်းရန် ခက်ခဲနေကြောင်း၊ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော် တို့က ဖက်ဒရယ်စနစ်ကို လက်ခံလိုသော်လည်း အမှန်တကယ် ဆွေးနွေး ညှိနှိုင်း ရာတွင် တပ်မတော်က လက်မခံကြောင်း NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။ 

“တည်ဆဲဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်ဆိုတဲ့ အချက်တွေကြောင့် သိပ်မလွယ် ဘူး ဖြစ်နေတယ်” ဟု ဦးနိုင်ဟံသာက ဆိုသည်။

သို့သော် အပစ်အခတ်ရပ် စဲရေး ကြန့်ကြာနေမှုမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်လုံးတွင် တာဝန်ရှိနေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အားစိုက်ကြိုးပမ်းမည် ဖြစ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင်ပင်ဖြစ်သူ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆို ထားသည်။ 

အစိုးရနှင့် NCCT တို့ ဧပြီလဆန်းက နောက်ဆုံးအကြိမ် အပစ်ရပ်စာချုပ် ညှိနှိုင်းရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အထိ ပါဝင်တက်ရောက်ခဲ့ပြီး တစ်ခုတည်းသော အပစ်ရပ်စာချုပ် (Single Text) မူကြမ်းကို သဘောတူ ချမှတ်နိုင်ခဲ့သည်။ 

အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အလက် ၁၀၀ ကျော်တွင် သုံးပုံနှစ်ပုံခန့်အထိ နှစ်ဖက် သဘောတူ ထားနိုင်ပြီး ကျန်ရှိ ကွဲလွဲချက်များကို ထက်ဝက်စီ အလျှော့ပေး လက်ခံနိုင်မည် ဆိုပါက ပြေလည် မည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော ကြား ထားသည်။

The Voice Weekly

No comments:

Post a Comment