Wednesday 21 May 2014

ဆောက်လုပ်ရေးလုပ်ငန်းများ စိန်ခေါ်မှု ပိုမိုပြင်းထန်လာ

မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် ၀င်ရောက် လာခြင်းသည် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကြီးမားသည့်စိန်ခေါ်မှုအဖြစ် ရှိနေ သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးသာအေးက မဇ္ဈိမ ကို ပြော သည်။
ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာလျက်ရှိသည့် စီးပွားရေးလုပ်ငန်း ကဏ္ဍ တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအများ ဆုံးစီးပွားရေးလုပ်ငန်းများတွင်လည်း ထိပ်တန်း စာရင်းဝင်လုပ်ငန်းဖြစ်နေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် နည်းပညာများပိုမိုဖွံ့ဖြိုးလာရန် လိုအပ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်း က သုံးသပ်သည်။

ဦးသာအေး က “ ခုချိန်မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဆောက်လုပ်ရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံဖို့ဝင် ရောက်လာနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း သူတို့နဲ့ ယှဉ်ပြိုင် လုပ် ကိုင်နိုင် ဖို့ ကြိုးစားရမယ့်အပိုင်းတွေ လည်းရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပိုင်းမှာသူတို့ကိုနဲ့ အမီရင်ပေါင် တန်းနိုင်အောင် ကြိုး စားကြရမှာက စိန်ခေါ်မှု ပဲ” ဟု ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဆင့်မြင့်လုပ်သားများ ပေါ်ထွန်းလာစေရန်အတွက် သင်တန်းပေးမည့် အစီအစဉ်များကိုလည်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းမှ ပေးသွားရန် စီစဉ်ဆောင်ရွက်နေ သည်ဟု ၄င်းက ဆိုသည်။

ပြည်တွင်းလုပ်ငန်းရှင်ကုမ္ပဏီများသာ BOT စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် မြန်မာနိုင်ငံရှိ လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း နိုင်ငံခြားသားလုပ်ငန်းရှင်ကုမ္ပဏီများအား BOT စနစ်ဖြင့် လုပ် ကိုင်ခွင့်ပေးသွားရန် အစီအစဉ်ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မတ်လအတွင်း ကျင်းပသည့် ဆောက်လုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုထားသည်။

၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးကဏ္ဍသည် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးလုပ်ငန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ် ၇၃၃ ဘီလီယံရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရှိပြီး ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းများကို နိုင်ငံသားနှင့်သာ ဖက်စပ်လုပ်ကိုင် ခွင့်ပြုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment