Saturday 17 May 2014

အခွန်မဆောင်သည့် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းအရေးယူမည်

အခွန်ပေးဆောင်ခြင်း မရှိသည့် စီးပွားရေး လုပ်ငန်းများကို ယခုဘဏ္ဍာနှစ် (၂၀၁၄-၁၅ ဘဏ္ဍာနှစ်) မှစတင်၍ လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းကို မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အကောက်ခွန် ဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

“ဒီနှစ်က အခွန်ထမ်းသစ် ဖော်ထုတ်တဲ့ နှစ်တစ်နှစ်ပါ။ အဲဒါကြောင့် အရေးယူတာတွေကို ဒီနှစ်က စပါမယ်။ ထောင်ဒဏ် အထိကတော့ ဘာမှညွှန်ကြားချက် မရသေးပါဘူး။ ဒါပေမဲ့ ဥပဒေထဲမှာတော့ ထောင်ဒဏ်သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ 

လတ်တလော ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ၆၀ ရာခိုင်နှုန်းခန့်ကသာ အခွန်ပေးဆောင်ကြောင်း ၎င်းကပြောဆိုသည်။
“ဒီလိုလုပ်တာ ကောင်းပါတယ်။ ကျွန်တော်တို့ ဆီကလည်း အခွန်တွေ တစ်နှစ်ထက် တစ်နှစ်တိုးပြီး ပေးဆောင် လာနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။ 

အခွန်ထမ်းများ တိုးတက်လာရန် အခွန်စိစစ်ကြပ်မတ် ကောက်ခံရေး ဘုတ်အဖွဲ့က မြို့နယ်အခွန်မှူးများနှင့် ပူးပေါင်း အဖွဲ့များဖွဲ့၍ ယခုဘဏ္ဍာနှစ်မှ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment