Saturday 17 May 2014

အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များ မဘသနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်းမည်

ပြည်ထောင်စုလွှတ်တော်တွင် ရေးဆွဲနေသော အမျိုးစောင့်ဥပဒေ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံ ရှင်းလင်း မည် ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အထောက် အကူပြု ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီဝင် ဦးသွင်စစ်မာန်အောင်က ပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲကို အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိစာသင်တိုက်တွင် မေလ ၁၇ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဥပဒေ ရေးဆွဲခြင်းကို ကန့်ကွက်ကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများကိုပါ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဓိကကတော့ ဒီဥပဒေကို ဘာကြောင့် ရေးဆွဲချင်တာလဲ ဆိုတဲ့ အပေါ်မှာ သူတို့ နားလည်မှု လွဲတာ၊ သူတို့ မေးတာကို ပြန်လည် ရှင်းလင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ နှစ်ဖက်တွေ့ဆုံရန် ကြိုးပမ်းခြင်းကို ကြိုဆိုပြီး တစ်ဖက်နှင့်တစ်ဖက် လွတ်လပ်စွာ ဆွေးနွေးခြင်းကို လမ်းဖွင့်ပေးသင့်ကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားသည်။

“နှစ်ဖက် တွေ့ဆုံခြင်း မရှိဘဲ လက်ညှိုးထိုး ပြောနေကြတာထက် ရှင်းလင်း ပြောဆိုတာ ပိုကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ ဆွေးနွေးပွဲသည် ဘာသာရေးနှင့် သက်ဆိုင်သောကြောင့် ရှင်းလင်းချက်များနှင့် မေးမြန်းချက် များကို ဂရုစိုက် ပြောဆိုသင့်ကြောင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“အကြမ်းမဖက်တဲ့ ဗုဒ္ဓဝါဒကို ကိုင်စွဲပြီး ပြောဆို ဆွေးနွေးမယ် ဆိုရင် အဆင်ပြေမှာပါ” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၊ အခြားဘာသာဝင်များ အကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် အသွင်ဆောင်ခြင်းကြောင့် အမျိုးသမီးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ကန့်ကွက်ကြောင်းကို မေလ ပထမပတ်အတွင်း ထုတ်ပြန် ကြေညာ ထားသည်။

ယင်းနောက် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနှင့် အခြားသော လူမျိုးများနှင့် ဘာသာများအပေါ် နှောင့်ယှက် ဟန့် တားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

The Voice Weekly

No comments:

Post a Comment