Saturday 17 May 2014

ရွှေပဲဆီသန့် လောင်စာသိုလှောင်ရုံ မီးလောင်

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရွှေပဲဆီသန့် စက်ရုံတွင် မေလ ၁၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က လောင်စာ သိုလှောင်ရုံအတွင်း လွှစာမှုန့်များ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ စက်မှုဇုန်၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းရှိ ရွှေပဲဆီသန့် စက်ရုံ၏ လောင်စာ သိုလှောင်ရုံရှိ လွှစာမှုန့်များကို အချိန်ကြာမြင့်စွာ သိုလှောင် ထားရှိခြင်းကြောင့် အပူအောင်းကာ လွှစာမှုန့်များ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး တစ်နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ဂိုဒေါင်ကလုံပြီး အထဲမှာ လွှစာမှုန့်တွေကို အချိန်ကြာမြင့်စွာ သိုလှောင်ထားရာက အပူအောင်းပြီး မီးစလောင်တာ။ လွှစာမှုန့်တို့ ကောက်ရိုးတို့မှာ အပူဓာတ် ရှိတာကြောင့် လေလုံတဲ့ နေရာတွေမှာ အချိန်အကြာကြီး သိုလှောင်မယ် ဆိုရင် အပူမအောင်းအောင် အထက်အောက် လှန်ပေးရတာမျိုး၊ နေရာ ရွှေ့ပေးရတာမျိုး လုပ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

လောင်စာသိုလှောင်ရုံ မီးလောင်မှုကြောင့် စက်ရုံမန်နေဂျာ ဦးမြင့်သိန်းကို လှိုင်သာယာမြို့မ ရဲစခန်းမ (ပ) ၆၇၇/ ၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment