Saturday 17 May 2014

ယင်းမာပင် မြို့နယ်တွင် လေပြင်းကြောင့် အိမ် ၁၀၀ ကျော်ခန့် အမိုးလန်ပြီး ဓာတ်တိုင် ၅၀ ခန့် လဲပြို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့ တွင် မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီ ခန့်တွင် ၁၅ မိနစ်ခန့် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် လူနေအိမ် ၁၀၀ ကျော်ခန့် အမိုးလန်ခဲ့ပြီး ဓာတ်မီး တိုင် ၅၀ နီးပါးခန့် လဲပြိုခဲ့ကြောင်း လေပြင်းဒဏ်ခံခဲ့ရသည့် ဒေသခံများနှင့် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသူများထံမှ သိရသည်။

“လေကဖြတ်ပြီး တိုက်တာလည်း မဟုတ်ဘူး။ လေဆင်နှာမောင်း သဘောမျိုးပဲ။ အထက်ကို ဆွဲတင်သလို ခဏပဲ တိုက်သွားတာ။ ဒါကြောင့် အိမ်တွေအမိုးလန်တာများတာ။ တချို့ လေကြောင်းကျတဲ့ အိမ်တွေဆို ပြိုတာတို့၊ ဘာတို့ ရှိတာပေါ့။ လေကြောင်းမသင့်တဲ့ အိမ်ကျတော့လည်း ဘာမှကိုမဖြစ်ဘူး” ဟု လေပြင်းဒဏ် ခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ 

လေကြောင်း အပြင်းဆုံးဒဏ် ခံရသည့် ကျေးရွာမှာ ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ ဖြစ်ပြီး အိမ်ခြေ ၇၄ လုံး အမိုးလန်သွားပြီး ဓာတ်တိုင်များ လဲပြိုမှု အများဆုံး ဖြစ်ခဲ့ကာ၊ မူလတန်းလွန်ကျောင်း အုတ်တံတိုင်း များလည်း ပြိုကျခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။ 

ယင်းမာပင်မြို့နယ် လယ်ငေါက်ကျေးရွာ ပြီးလျှင် ဒုတိယအများဆုံး လူနေအိမ် အမိုးများ လန်ခဲ့သည့်ရွာမှာ ရင်ပေါင်တိုင် ကျေးရွာဖြစ်ပြီး လူနေအိမ်၂၅ လုံးခန့် အမိုးလန်ခဲ့ကာ သမင်တက် ကျေးရွာတွင် အိမ် ၁၅ လုံး အမိုးလန်ခဲ့သည်။ 

ရင်ပေါင်တိုင် ကျေးရွာနှင့် သမင်တက် ကျေးရွာတွင် အိမ်ပြိုမှုများ ရှိခဲ့ပြီး၊ သရက်ကျေးရွာရှိ ကြက်မွေးမြူရေး ဇုန်တွင် ကြက်ခြံများ အမိုးလန်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ ပျက်စီးဆုံးရှုံးမှု စာရင်းများအရ သိရသည်။ 

လေပြင်းကြောင့် ပုလဲ-ဂန့်ဂေါ လမ်းပိုင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများ ပြိုလဲခဲ့သော်လည်း လေတိုက် ခတ်ပြီးချိန်တွင် ချက်ချင်း ရှင်းလင်းခဲ့သည့် အတွက် လမ်းမှာ ခေတ္တခဏသာ ပိတ်ခဲ့ပြီး၊ လက်ရှိ အချိန်တွင် အမိုးလန်သော လူနေအိမ်များအား ကူညီရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး၊ ပျက်စီး ဆုံးရှုံးမှု များသော အိမ်များအား မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ပေးနေကြောင်း ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment