Wednesday 28 May 2014

မြန်မာ့သီးနှံအာမခံစနစ်တွင် ဂျပန်ကုမ္ပဏီသုံးခု ၀င်ရောက်လုပ်ကိုင်မည်

 ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်ဧက ငါးသိန်းခန့် ပျက်စီးခဲ့သည့် မြန်မာ့လယ်ယာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် သီးနှံအာမခံစနစ်လုပ်ငန်း၌ ဂျပန်နိုင်ငံ၏ အကြီးဆုံး အထွေထွေအာမခံကုမ္ပဏီ သုံးခုက ၀င်ရောက်လုပ်ကိုင်ရန်ပြင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

မြန်မာ့အာမခံလုပ်ငန်း၊ အထွေထွေ မန်နေဂျာအဖြစ် နှစ်ပေါင်းများစွာတာဝန်ထမ်းထောင်ခဲ့သူလည်းဖြစ်သူ ဒေါက်တာ မောင်မောင်သိမ်းက “ရာသီဥတုကို အခြေပြုတဲ့ သီးနှံအာမခံစနစ်ကို ဂျပန်အထွေထွေ အာမခံ ကုမ္ပဏီကြီး သုံးခုနဲ့ စလုပ်ဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

ရာသီဥတုအခြေပြုဆုံးဖြတ်သော သီးနှံ အာမခံစနစ်မျိုးလုပ်ကိုင်ရန် အဆိုပါ ဂျပန်အာမခံကုမ္ပဏီကြီးသုံးခု သည် အကြိုလေ့လာမှုများ လာရောက်လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း ယင်းကုမ္ပဏီသုံးခု၏ အမည်ကိုမူ ဒေါက်တာမောင်မောင်သိမ်း က ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

“သေချာပါတယ်။ နောက် နှစ်ဆန်း လောက်ဆိုရင် ဒီဟာတွေ ပေါ်လာမယ်” ဟု ၎င်းက ဖြည့်စွက်ပြော သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က အာမခံဈေးနှုန်းများသည် တောင်သူများ လက်လှမ်းမီသည့်ဈေးနှုန်းများဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းအာမခံစနစ်သည် မြန်မာနိုင်ငံ တွင် ပထမဦးဆုံးဖြစ်သည့်အတွက် တောင်သူများက စိတ်ဝင်စားကြမည်ဟုလည်း ဆိုသည်။

၎င်းက ““တောင်သူတွေက မပေးနိုင်ရင်လည်း အကျိုးပြုကုမ္ပဏီတွေက စိုက်ပြီး အာမခံသွင်းပေးကြမယ်။ ဒီနှစ်ထဲမှာ ဖြစ်လာနိုင်မယ် မျှော်လင့်ရတာပဲ” ဟု မှတ်ချက် ပြုသည်။

မြောင်းမြမြို့နယ်၊ လယ် ၁၁ ဧကပိုင် သူတောင်သူဦးသန်းဇော်ဦးက သီးနှံ အာမခံစနစ်နှင့်ပတ်သက်၍ မည်မျှပေး သွင်းရမည်၊ မည်မျှလျော်ကြေးရမည် စသည်တို့ကို တောင်သူများသိရှိစေရန် အသိပေးမှုများ ပြုလုပ်စေလိုသည်ဟု ဆိုသည်။

၎င်းက “ဒါက တောင်သူတွေမျှော်လင့် နေတဲ့အရာပါ” ဟု မှတ်ချက်ပြုသည်။

သီးနှံအာမခံစနစ် အမျိုးအစားကို မရိတ်သိမ်းရသေးသည့် စိုက်ပျိုးထားသည့် စပါးစသည့်ပင်ထောင်သီးနှံများ ကို ကာကွယ်သည့်စနစ်နှင့် ရိတ်သိမ်းပြီး စပါး၊ ဆန် စသည့်များကို ရန်သူမျိုးငါးပါးအန္တရာယ်မှ ကာကွယ် သည့်စနစ်ဟု ခွဲခြားထားသည်။

၎င်းက “သီးနှံအာမခံစနစ်လုပ်ရင်တော့ ကျွန်တော်တို့ သေချာပေါက်ရှုံးမယ်။ ဒါပေ မဲ့ တောင်သူတွေအကျိုး စီးပွားတွက် လုပ်ရမယ့်အရာပါ” ဟု ၀န်ခံပြောကြားသည်။

သုတေသနပြုချက်များအရ မိုးရေချိန် ရှစ်လက်မရရှိသည့် ဒေသတစ်ခု၌ အဆိုပါ မိုးရေချိန်ပမာဏထက် ကျော်လွန်သွားပါက သီးနှံပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ လျော်ကြေးပေးရသည့်အတွက် စွန့်စားရမှု များပြားသည်ဟုလည်း ပြောသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ နောက်ဆုံးပေါ် အာမခံစနစ်အမျိုးအစားဖြစ်သည့် သီးနှံအာမခံစနစ်သည် ယင်းကဲ့သို့ စွန့်စားမှုများပြားခြင်းကြောင့် ဆွေးနွေးမှုများအတွက် နှစ်နှစ်ကြာအချိန်ယူခဲ့ရသည့် အပြင် ဒေသအလိုက်ရာသီဥတု၊ မိုးရေချိန် မှတ်တမ်းဟောင်းများသည်လည်း များစွာအရေးပါသည်ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် ယခင်ကျင့်သုံးခဲ့သော အာမခံစနစ်သည် သီးနှံပျက်စီးမှု အခြေအနေပေါ်တွင် မူတည်ဆုံး ဖြတ်ခြင်းကြောင့် ပျက်စီးသွားရသော သီးနှံစိုက်ခင်းများကို လိုက်လံတွက်ချက်ရကာ အချိန်ယူရကြောင်း၊ ထို့ကြောင့် လယ်သမားများလည်း စိတ်ဝင်စားမှုနည်းခဲ့ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

Written by  ၀င်းကိုကိုလတ်၊ မောင်သင်တုန်း
Mizzima - News in Burmese

No comments:

Post a Comment