Wednesday 28 May 2014

မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို

Photo: မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို
Wednesday, May 28, 2014

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။

ပုသိမ်ကြီးမြို့နယ် နှမ်းကြဲ ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာအုပ်စု၊ ရှင်တော် ကုန်းကျေးရွာအုပ်စု၊ ရေကြည် ကျေးရွာအုပ်စု လေးခုသည် မန္တလေးမြို့ နှင့် အလှမ်းဝေးသော ရန်ကင်းတောင် အနီးတွင် တည်ရှိပြီး တောင်တန်းများ ရှိသဖြင့် အသက်ကြီးမှ ရဟန်းပြုလာကြသော အချို့သော ရဟန်းတော်များသည် ဖြစ်သလို တဲများထိုး၍ သာသနာ့ အလံထောင်ကာ ကျောင်းများ တည်ဆောက်ကြကာ သာသနာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ နေထိုင်သီတင်းသုံးကြခြင်း ဖြစ်ကြောင်း ဆရာတော် ဦးဇဋိလက ထပ်မံမိန့်ဆိုသည်။

အဆိုပါ ကျူးကျော် ဘုန်းကြီးကျောင်းများတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည် ဆိုပါက အပြီးအပိုင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။

“၂၀၀၆ ခုနှစ်တုန်းကလည်း သောက်စား မူးယစ်နေပြီး အချင်းချင်း ခုတ်ကြထစ်ကြလို့ ကျူးကျော် ဘုန်းကြီးကျောင်း ၂၉ ကျောင်းကို သံဃနာယက အဖွဲ့က ရှင်းလင်းခဲ့ရဖူးတယ်။ အခုလည်း ပြဿနာ ပေါ်လာရင် အဲဒီ့ကျူးကျော် ဘုန်းကြီးကျောင်းတွေကို သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖယ်ရှင်းသွားမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

သာသနာရေး ဝန်ကြီးဌာနတွင် အမည်ပေါက် မဟုတ်သော ကျူးကျော် ဘုန်းကြီးကျောင်းများကို မြို့နယ် သံဃနာယက အဖွဲ့အနေနှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ တင်ပြပြီး ဖျက်သိမ်းနိုင်ကာ တရားမဝင် ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းခွင့် အာဏာသည် မြို့နယ် သံဃနာယကအဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး သာသနာရေး ဝန်ကြီးဌာနသည် မြို့နယ် သံဃနာယကအဖွဲ့က တင်ပြလာသော ကျောင်းများကို စိစစ်၍ ကျောင်းအဖြစ် ခွင့်ပြု မပြုကို ဆုံးဖြတ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး ဦးနိုင်အောင်မိုးက The Voice သို့ ပြောကြားသည်။

“ကျောင်းအမည်စာရင်း ဖောက်တဲ့အခါမှာ မိမိရဲ့ ပညာအရည်အချင်း၊ မိမိကို ရဟန်းပြုပေးခဲ့တဲ့ ဥပဇ္ဈာယ်ဆရာရဲ့ ထောက်ခံစာ၊ ရပ်ကွက်ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ရဲ့ ထောက်ခံစာ စတာတွေနဲ့ တင်ပြရင် မြို့နယ်သံဃနာယက အဖွဲ့ကလည်း ကျောင်းအဖြစ် ခွင့်ပြုပါတယ်။ သာသနာရေးကလည်း အသိအမှတ် ပြုပါတယ်၊ အခုဒီမှာ ရှိနေတာတွေက မနေ့က ရဟန်းဖြစ်တယ်။ ဒီနေ့ ကျောင်းလာထောင်တယ်။ လူလိုနေ လူလိုပြော လူလို အလှူခံနေတဲ့လူတွေ ဖြစ်နေတော့ ကျောင်းအမည်ပေါက် မရတာပါ။ ကျောင်းသာ ထိုင်ချင်နေတာ။ ငါးပါးသီလတောင် မပေးတတ်ဘူး။ ဒီလိုလူတွေကို ကျောင်းထောင်ခွင့်ပေးရင် ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ။ ဘုန်းကြီးတောင် ကျောင်းအမည် လျှောက်ထားဆဲပါ။ ဒီလို ပုဂ္ဂိုလ်တွေကို အမြန်ရှင်းလင်းသင့်တယ်” ဟု ကျောင်းအမည် လျှောက်ထားဆဲ နှမ်းကြဲကျေးရွာအုပ်စုမှ အသောက ကျောင်းတိုက် ဆရာတော် အရှင်ဝိမလက ဆိုသည်။

ကျောင်းထိုင် ရဟန်းတို့တွင် အင်္ဂါ ၅ ပါးနှင့် ပြည့်စုံမှသာလျှင် ကျောင်းထိုင် ဆရာတော်အဖြစ် သာသနာတွင် သတ်မှတ်ကာ အနည်းဆုံး ၁၀ ဝါ ပြည့်ရမည် ဖြစ်ပြီး ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း တည်းဟူသော ဝိနည်းကံတို့ကို နားလည်ထားရမည် ဖြစ်ပြီး ဒကာ ဒကာမတို့ကို ရုပ်၊ နာမ်ဓမ္မတို့နှင့် ဆက်စပ်သော တရားဓမ္မတို့ကို ဟောပြောပြသနိုင်မှသာ သာသနာတော် ထုံးတမ်းများအရ ကျောင်းထိုင် ဆရာတော်အဖြစ် သတ်မှတ်ကြောင်း မိမိသဘောနှင့်မိမိ ရဟန်းပြုပြီး၊ ဥပဇ္ဈာယ် ဆရာနှင့် ကင်းကွာနေထိုင်ပြီး ကျောင်းထိုင် ဆရာတော်အဖြစ် နေထိုင်နေခြင်းသည် ဝိနည်းကံများ လုပ်ထုံးလုပ်နည်းများနှင့် မညီသကဲ့သို့ သာသနာတော်၏ ထုံးထမ်းစဉ်လာ ဓမ္မတာမဟုတ်ဘဲ၊ အလဇ္ဇီ ဒုဿီလတို့၏ အပြုအမူသာ ဖြစ်ကြောင်း မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် ဦးအရိယာဝံသာ ဘဝံသ (-စ-အ ဓမ္မာစရိယ ဝဋံသကာ ) က မိန့်ဆိုသည်။

The Voice Weekly

No comments:

Post a Comment