Friday 14 March 2014

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖမ်းမိသော မှောင်ခိုသစ် တန် ၂၀၀၀ ကျော် လမ်းပိုင်းကြောင့် သယ်ယူမှုခက်ခဲနေ

ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ ဂျာအင်ယန်သစ်ကွင်းအတွင်း ဖမ်းဆီးရမိထားသော သစ်တင်ယာဉ်အား တွေ့ရစဉ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဂျာအင်ယန်သစ်ကွင်းက တပ်မတော်မှ သိမ်းယူထားသည့် တန် ၂၀၀၀ ကျော် မှောင်ခိုသစ်များ လမ်းပိုင်းကြောင့် သယ်ယူမှု ခက်ခဲနေကြောင်း ပြည်နယ်သစ်တောနှင့် ပြည်နယ် မြန်မာ့သစ်လုပ်ငန်းတို့မှ သိရသည်။

မြစ်ကြီးနားမြို့အခြေစိုက် သစ်တောဌာနမှ ဦးစီးအရာရှိက “ ကျွန်တော်တို့ မြစ်ကြီးနားမှာ ရောက်တာက ၄၁ တန်ပဲ ရှိပါတယ်။ လမ်းကြောမှာ တံတားသုံးစင်းက ပျက်နေပြီး ဆယ်ဘီးကားတွေ သွားလို့မရဘူး။ ကားကြီးသွားနိုင်အောင် လမ်းပိုင်းပြင်နေပါတယ်။မိုးမကျခင် ပြီးအောင်တော့ လုပ်နေပါတယ်။အားလုံးစုံတာနှင့် ပြည်ပနဲ့ပြည်တွင်းရောင်း ခွဲပြီး လေလံခေါ်ရောင်းချမှာပါ”ဟု ဆိုသည်။

ကချင်ပြည်နယ် သစ်တောညွှန်မှုး ဦးသန်းဌေးက “ပြည်နယ်သစ်တောကလူတွေနဲ့ တပ် နှင့်ပေါင်းပြီး တိုင်းနေပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ်လ ၈ ရက်အထိ တန်ပေါင်း ၇၉၂ တန်ကျော် တိုင်းပြီးပါပြီ။ ခန့်မှန်း တန်ကတော့ ၂၅၀၀ ၀န်းကျင်ရှိမယ်။ မြစ်ကြီးနားကို သယ်ပြီး မြန်မာ့သစ်လုပ်ငန်းကို အပ်ရမှာပါ။ ရောင်းတန်ဝင်သစ်ကို အမျိုးခွဲပြီး လေလံတင်မှာပါ၊၊ သစ်အမျိုးအစားကတော့ ကျွန်း၊ သံမလန်း၊ စကားဝါနဲ့ အခြားသစ်တွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယင်းသစ်များကို ဖေဖော်ဝါရီလလယ်ပိုင်းက မြန်မာတပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သစ်ပုံ ၁၃ ပုံ၊ သစ်တင်ကား ၄၁ စီး၊ သစ်တင်ကရိန်း သုံးစီး၊ ပါဂျဲရို သုံးစီးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း ယင်းဒေသတွင် တရုတ်နိုင်ငံသို့ မှောင်ခိုသစ်များ အများအပြားတင်သွင်းခဲ့ကြောင်း သစ်မှောင်ခိုလုပ်သူများက ဆိုပါသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း အဖိုးတန်သစ် ကုန်သလောက်နီးပါး ပြုန်းတီးသွားပြီး တရုတ်သို့သယ်ယူနေသောသစ်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ရှမ်းမြောက်နှင့် မန္တလေးမှ သယ်ဆောင်လာသော သစ်များဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment