Friday 14 March 2014

မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း စီမံကိန်းကို ၂၀၁၄-၂၀၁၅ တွင် စတင်မည်ဖြစ်ပြီး ရန်ပုံငွေမလုံလောက်မှုကြောင့် ပြည်ပချေးငွေဖြင့် ဆောင်ရွက်ရမည်

Photo: မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း စီမံကိန်းကို ၂၀၁၄-၂၀၁၅ တွင် စတင်မည်ဖြစ်ပြီး ရန်ပုံငွေမလုံလောက်မှုကြောင့် ပြည်ပချေးငွေဖြင့် ဆောင်ရွက်ရမည်
Firday, March 14, 2014

တနသာင်္ရီတိုင်း ဒေသကြီးသို့ ဆက်သွယ်မည့် အမျိုးသား မဟာဓာတ်အားလိုင်း စီမံကိန်းမှာ မော်လမြိုင်မြို့သို့ ရောက်ရှိနေပြီး မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘတ်ဂျက်တွင် ထည့်သွင်းထားသော်လည်း ရန်ပုံငွေရရှိမှု ပမာဏမှာ လုပ်ငန်းဆောင်ရွက်နိုင်ရန် မလုံလောက်မှုကြောင့် ယင်းစီမံကိန်းအား ပြည်ပချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

"ဒီတိုင်းမှာ လျှပ်စစ်ကို မီးလင်းရေး ကော်မတီကနေပြီး ဈေးနှုန်းကြီးမြင့်စွာနဲ့ ၀ယ်ယူသုံးစွဲနေရတာ သိထားပါတယ်။ ဒီကို မဟာဓာတ်အားလိုင်း ရောက်ရှိဖို့အတွက် ပထမဆုံး ၂၃၀ ကေဗွီမဟာဓာတ်အား လိုင်းဖြစ်တဲ့ သထုံ-မော်လမြိုင် ဓာတ်အားလိုင်း တည်ဆောက်မှုက ၂၀၁၃ ဇန်န၀ါရီ ၂၂ ရက်မှာ မော်လမြိုင်ကို ရောက်ခဲ့ပါတယ်။ ဓာတ်အားလိုင်း ပြီးပြီးချင်း တနင်္သာရီတိုင်းကို မဟာဓာတ်အားလိုင်း တည်ဆောက်ဖို့ အစီအစဉ် ရေးဆွဲခဲ့ပါတယ်။ မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘတ်ဂျက်မှာ ထည့်သွင်းလျာထားပါတယ်။ ဒီအတွက်ရရှိတဲ့ ရန်ပုံငွေပမာဏနဲ့ ဒီစီမံကိန်းကို ပြီးအောင်မဆောင်ရွက် နိုင်ပါဘူး။ ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် Survey လုပ်ငန်းတွေပဲ လုပ်ကိုင်ပြီးတော့မှ ပြည်ပချေးငွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်ပချေးငွေအဖြစ် အနည်းဆုံး ဒေါ်လာ သန်း ၂၆၀ လောက် ကုန်မှာဖြစ်ပါတယ်" ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်သန်းဦးက မတ် ၁၁ ရက်က ထားဝယ်မြို့တော်ခန်းမတွင် ကျင်းပသော ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားသွားခဲ့သည်။

မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း စီမံကိန်းတွင် ရေးနှင့်ထားဝယ်မြို့တို့ ၌  ဓာတ်အားခွဲရုံ တစ်ရုံစီ တည်ဆောက်မည့်အပြင် ထားဝယ်ခရိုင် ကံပေါက်ဒေသတွင်ရရှိမည့် ဓာတ်ငွေ့အနေအထားအရ မဂ္ဂါဝပ် ၅၀၀ ပမာဏရှိသော ဓာတ်အားပေးစက်ရုံကိုပါ တည်ဆောက်ရန် ချမှတ်ထားကြောင်းသိ ရသည်။ ၎င်းစီမံကိန်းအတွက် Survey လုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ဓာတ်အားလိုင်း သွယ်တန်းရာ တစ်လျှောက် ဒေသခံများနှင့် မြေယာအသုံးချမှု ပြဿနာများ ဖြစ်ပွားနေမှုကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ဓာတ်အားလိုင်း သွယ်တန်းမည့် အရှည်မိုင် ၂၀၀ ကျော်ခန့်ရှိ၍ ရာသီဥတု အခြေအနေတို့ကြောင့် အနည်းဆုံး တစ်နှစ်ကျော် နှစ်နှစ်ခန့် အကြာမှသာ ဓာတ်အားလိုင်း တည်ဆောက်မှုပြီးစီး နိုင်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်၌ ကံပေါက်ဒေသတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၅၀၀ စီမံ ကိန်းမှ ကနဦးအနေဖြင့် မဂ္ဂါဝပ် ၅၀ စက်ရုံကို တည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သောကြောင့် ဒေသတွင်းသုံးစွဲနိုင်မှုအရ ၂၀ မဂ္ဂါဝပ်စက်ရုံကို လာမည့် ငါးလအတွင်း အပြီးတည်ဆောက်၍ ထားဝယ်မြို သို့  ၆၆ ကေဗွီ ဓာတ်အားလိုင်း အမြန်ဆုံး တည်ဆောက်ကာ လျှပ်စစ်ပေးဝေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဓာတ်အား ခ နှုန်းထားအဖြစ် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လက်ရှိသုံးစွဲနေသော တစ် ယူနစ် ကျပ် ၄၇၀ ခန့်မှ ထက်ဝက်ခန့် ကျသင့်မည်ဖြစ်ကာ ထားဝယ်မြို့သို့ မဟာဓာတ်အားလိုင်း ရောက်ရှိပြီး ချိတ်ဆက်နိုင်သည့် အချိန်မှသာ အစိုးရနှုန်းထားဖြစ်သည့် တစ်ယူနစ်ဈေးနှုန်းဖြင့် ပေးဝေနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသွားခဲ့သည်။  

Eleven Media Group

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဓာတ်အားလိုင်းများ သွယ်တန်းနေ သည်ကို တွေ့ရစဉ်
ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဓာတ်အားလိုင်းများ သွယ်တန်းနေသည်ကို တွေ့ရစဉ်

No comments:

Post a Comment