Friday 14 March 2014

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ရှစ်ချက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၌ အဆုံးအဖြတ်ခံယူမည်

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများကို ထုခွဲရောင်းချရငွေမှ တစ်ဆယ်ရာခိုင်နှုန်းကို အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေသို့ ထည့်သွင်းရေး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိကြောင်း သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက် ရှစ်ချက် ရှိကြောင်း၊ ထို့အတွက် ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ် ခံယူရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများကို ထုခွဲရောင်းချရငွေမှ တစ်ဆယ် ရာခိုင်နှုန်း ကို အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေသို့ လွှဲပြောင်းပေးရမည်နှင့် တရားရုံးက လွှဲပြောင်းပေးသွင်းသည့် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူထားသော ငွေကြေးနှင့်ပစ္စည်းများ ထုခွဲရောင်းချရငွေမှ တစ်ဆယ်ရာခိုင်နှုန်းအား ပြည်သူ့လွှတ်တော်က ပယ်ဖျက်ရန်ဆုံးဖြတ်ပြီး အမျိုးသား လွှတ်တော်က မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် သဘောတူထားကြောင်း သိရသည်။

ထို့အပြင် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ကိရိယာနှင့် အသုံးအဆောင်ပစ္စည်း များကိုဖြစ်စေ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ၊ အကြမ်းဖက်မှုကို ကျူးလွန်သော (သို့) ကျူးလွန်မည်ဖြစ်သော အကြမ်းဖက်သမား တစ်ဦးဦးကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခုကိုဖြစ်စေ၊ အားပေးကူညီရာရောက်သော ငွေကြေးထောက်ပံ့မှုဟု အမျိုးသားလွှတ်တော်က သဘော တူ ထားသည်။

ပြည်သူ့လွှတ်တော်နှင့် သဘောထားကွဲလွဲသည့် ပြည်ပရှိ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်၏ သံရုံးနှင့် ကောင်စစ်ဝန်ရုံးအပါအ၀င် သံတမန် ဆိုင်ရာရုံးများကို လည်းကောင်း ကျူးလွန်သည့် အကြမ်းဖက်မှုဟု အမျိုးသားလွှတ်တော်က ပြင်ဆင် အတည်ပြု ထားသည်။

ဥပဒေကြမ်းတွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ နိုင်ငံတော်အတွင်း မှတ်ပုံတင်ထားသော ရေယာဉ်၊ လေယာဉ်နှင့် အခြားစက်တပ်ယာဉ် တစ်ခုခုပေါ်တွင် ကျူးလွန်သည့် အကြမ်းဖက်မှုများဟု ပြင်ဆင်အတည်ပြု ထားသည်။ နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကိုသော်လည်းကောင်း၊ အခြား နိုင်ငံများကို သော် လည်းကောင်း ကျူးလွန်သည့် အကြမ်းဖက်မှုများ၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ လေပြင်၊ ပိုင်နက်နယ်မြေနှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့တွင် ကျူးလွန်သည့် အကြမ်းဖက်မှုများဟု ပြင်ဆင်အတည် ပြုထားသည်။

Eleven Media Group

No comments:

Post a Comment