Wednesday 12 March 2014

အသွင်ကူးပြောင်းရေး ချောမွေ့စေရန် လွတ်လပ်သည့် သတင်းမီဒီယာများ အားကောင်းရန် လိုအပ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် အီရိုပြောကြား

အသွင်ကူးပြောင်းရေးကာလ ချောမွေ့ပြီး ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန်အတွက် လွတ်လပ်သည့် မီဒီယာများ အားကောင်းလာရန် လိုအပ်သည်ဟု ချက်ကိုဆလိုဗက်ကီးယား နိုင်ငံရေး သိပ္ပံပညာရှင် Igor Blazevic က ရန်ကုန်မြို့ Yangon Journalist School တွင် မတ် ၁၁ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိပြုလုပ်သည့် Workshop တွင် ပြောကြားသည်။

ကမ္တာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် နိုင်ငံပေါင်း ၁၄၀ ကျော်ရှိပြီး ထိုနိုင်ငံများ ထဲမှ နိုင်ငံအချို့သည် ဒီမိုကရေစီစနစ်သို့ မရောက်ရှိဘဲ စပ်ကြားစနစ်တစ်ခု အဖြစ်သာ ရောက်ရှိနိုင်ခဲ့သည်ဟု ၎င်းကပြောကြားသည်။ ထိုစပ်ကြားစနစ်တွင် လွတ်လပ်မှု အထိုက်အလျောက် ပေးထားပြီး ရွေးကောက်ပွဲများအား ကျင်းပပေးခဲ့သော်လည်း အာဏာရပါတီကသာ ဆက်ကာဆက်ကာ အာဏာရရှိနေသည့် စနစ်ဖြစ်သည်ဟု ပြောကြားသည်။

အီရိုက “ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင် ဟွန်ဆန်က ၂၅ နှစ်လုံးလုံး အာဏာရနေတယ်။ ပြည်သူလူထုက သူ့ကိုမထောက်ခံကြပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲစနစ်ကို သူလိုသလို ပြင်ထားတဲ့အတွက် သူပဲအကြိမ်ကြိမ် အာဏာရနေတာဖြစ်တယ်” ဟုဆိုသည်။

ထို့အပြင် စပ်ကြားစနစ်တွင် မိတ်ဆွေနှင့်ရန်သူ ကွဲပြားစွာ မသိရှိရခြင်း၊ အစိုးရထံမှ အခွင့်ထူးရရှိခဲ့သည့် စီးပွားရေးသမားများက စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ပိုင်ခွင့် ရရှိနိုင်ခြင်း၊ နိုင်ငံရေးစနစ် အပြောင်းအလဲကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့် အခါတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိနိုင်ခြင်းကြောင့် အထူးအခွင့်အရေး ရရှိထားသူများ ပိုမိုချမ်းသာလာခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟုလည်း စပ်ကြားစနစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်းကိုလည်း ၎င်းကရှင်းလင်းပြခဲ့သည်။  

ထိုသို့ စပ်ကြားစနစ် ဖြစ်ပေါ်မလာစေရန်အတွက် (၁) လွတ်လပ်သည့် မီဒီယာများ အားကောင်းစေရန်၊ (၂) အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းစေရန်နှင့် စစ်မှန်သည့် အတိုက်အခံများ အားကောင်းစေရန် လိုအပ်သည်ဟု ၎င်းကပြောကြားသည်။

ထိုသို့ မီဒီယာများ အားကောင်းစေရန် လိုအပ်သည်ဟူသော ပြောကြားချက်အပေါ် စာရေးဆရာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဆရာထက်မြက်က “အရင်စစ်အုပ်စုပေါ့နော်။ အခုအာဏာရနေတဲ့ အစိုးရကိုပေါ့နော်။ စတက်ကတည်းက လွတ်လပ်တဲ့မီဒီယာတွေ ရဖို့အတွက် စာနယ်ဇင်းသမားတွေရော၊ စာရေးဆရာတွေရော၊ ပြည်သူလူထုကရော တောင်းဆိုခဲ့တာပဲ။ ဒါပေမဲ့ အခုထိ လွတ်လပ်တဲ့မီဒီယာတွေ မရသေးဘူး။ အခုလည်း လွှတ်တော်မှာ တင်သွင်းအတည်ပြုမယ်ဆိုတဲ့ ပုံနှိပ်ထုတ်ဝေသူများလုပ်ငန်း ဥပဒေကြမ်း ဆိုတာကလည်း လွတ်လပ်တဲ့မီဒီယာတွေကို ထိန်းချုပ်လိုက်လိုက်တဲ့ ဥပဒေပဲ။ အခု စာနယ်ဇင်းကောင်စီက ရေးဆွဲမယ်ဆိုတဲ့ မီဒီယာဥပဒေက လွတ်လပ်မှုတော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ လုံးဝတော့ လွတ်လပ်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့ မီဒီယာကို တောင်းဆိုတာက မှန်တာပဲ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲမှာ မီဒီယာတွေကလည်း သူတို့ရဲ့ကျင့်ဝတ် ထိန်းသိမ်းသွားရမယ်လို့ ပြောသွားတာလည်း ကြားလိုက်ပါတယ်။ မီဒီယာတွေအနေနဲ့ ဒီဥစ္စာတွေ အားနည်းရင် နည်းပါလိမ့်မယ်။ နှစ်ပေါင်း ၅၀ အမှောင်ဖုံးနေတဲ့ခေတ်ထဲမှာ နေခဲ့ရပြီး အခုမှ နှစ်နှစ်တာ ကာလလေး မီဒီယာလောကက ရှင်သန်ရတာကိုး။ ကျင့်ဝတ်ဆိုင်ရာကို မီဒီယာသမားတွေ၊ သတင်းထောက်တွေ သေချာမသိတာလည်း ပါပါလိမ့်မယ်။ ဒါတွေက သိပ်အရေးကြီးတယ်လို့ ဆရာမထင်ဘူး။ လွတ်လပ်တဲ့မီဒီယာ ရှိရေးဆိုတာ အခုအုပ်ချုပ်နေတဲ့ အစိုးရရော၊ လွှတ်တော်ရော၊ အတိုက်အခံတွေရော အားလုံးဝိုင်းဝန်း ကြိုးစားဖို့ လိုပါတယ်” ဟု ပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment