Wednesday 12 March 2014

လူထုသဘောတူညီမှု မရထားသော ကျောက်ဖြူ-ရွှေလီ စီးပွားရေးစင်္ကြံလမ်း အကောင်အထည်ဖော်ရန် ပဏာမအဆင့် လေ့လာမှုပြီးစီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီအထိ ဆက်သွယ်မည့် ကျောက်ဖြူ-ရွှေလီ စင်္ကြံလမ်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဆောက်လုပ်မှု အပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

“အခုလုပ်တဲ့ပွဲက လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ မြှုပ်နှံလို့ရအောင် ပြောကြားပေးတဲ့ပွဲပါ။ အာဆီယံ အဝေးပြေးလမ်းမကြီးတွေ အာရှလမ်းမကြီးတွေနဲ့ ပတ်သက်ပြီး future plan နဲ့ လက်ရှိလုပ်နေတဲ့ အနေအထားတွေကို တင်ပြတာပါ။ ထိုင်းနဲ့ဆိုလည်း ချစ်ကြည်ရေးတံတား၊ လာအိုနဲ့လုပ်မယ့် ချစ်ကြည်ရေးတံတားနဲ့ ပတ်သက်တာတွေ ဒီလိုအလားအလာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားတာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဆောင် အင်ဂျင်နီယာ ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

နိုင်ငံတကာ ပတ်လမ်းမကြီးများနှင့် ချိတ်ဆက်နေသည့် ပြည်တွင်းအဝေးပြေးလမ်းမ ခုနစ်ခုရှိနေကြောင်းနှင့် ယင်းခုနစ်ခုမှာ (၁)ရွှေဘို-မြစ်ကြီးနားလမ်း၊ (၂) မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ (၃) မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း၊ (၄) မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးမြို့လမ်း၊ (၅) ယာကြီး-ကလေးဝ လမ်း၊ (၆)မန္တလေး-သပိတ်ကျင်း-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်းနှင့် (၇) မင်းဘူး-အမ်း-စစ်တွေလမ်းတို့ဖြစ်ကြောင်း သိရသည်။

“ဒီအဝေးပြေး လမ်းမကြီးတွေအပြင် နောက်ထပ်အကောင်အထည် ဖော်ဖို့အတွက် နှစ်နိုင်ငံ သဘောတူထားတဲ့ စီမံကိန်း (Bilateral Project) တွေရှိပါတယ်။ ပထမတစ်ခုကတော့ ရွှေလီနဲ့ကျောက်ဖြူ စီးပွားရေးစင်္ကြံ   (Ruili to Kyaukphyu Corridor) ပါ။ ရွှေလီကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဆက်မှာပါ။ အခု ဆွေးနွေးနေကြပါတယ်။ ဖြစ်နိုင်ခြေ အကဲဖြတ်မှုတွေ လုပ်ပြီးသွားပါပြီ။ မကြာခင်မှာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဆောင်အင်ဂျင်နီယာ ဦးသက်ဇော်ဝင်းက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြားတွင်လည်း နှစ်နိုင်ငံချိတ်ဆက်နိုင်ရန်အတွက် Kaladan Multi Model  Transport project အား အကောင်အထည်ဖော်သွားရန် ရှိကြောင်းနှင့် အဆိုပါလမ်းကြောင်းမှာ ကီလိုမီတာအားဖြင့် ၁၂၂ ရှိကြောင်းနှင့် မြန်မာနိုင်ငံ ပလက်ဝနှင့် အိန္ဒိယနိုင်ငံကို ချိတ်ဆက်မည့်လမ်းကြောင်းဖြစ်ကာ အကြိုလေ့လာမှုများ ပြုလုပ်နေကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း ဆက်သွယ်ထားသည့် ဒေသတွင်းစင်္ကြံလမ်းများ (GMS Economic Corridors) မှာ မြောက်-တောင်စီးပွားရေး စင်္ကြံလမ်း၊ မြောက်ပိုင်းစီးပွားရေး စင်္ကြံလမ်း၊ အနောက်မြောက် စီးပွားရေးစင်္ကြံ လမ်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း၊ တောင်ပိုင်းစီးပွားရေး စင်္ကြံလမ်း၊ အရှေ့မြောက်စီးပွားရေး စင်္ကြံလမ်း၊ ဗဟိုစီးပွားရေး စင်္ကြံလမ်းနှင့် တောင်ပိုင်းကမ်းရိုးတန်း စင်္ကြံလမ်းတို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment