Tuesday 4 February 2014

မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ခြောက်ပိဿာ လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးရှိ ရွှေဆိုင်နှစ်ဆိုင်မှ ရွှေထည်လက်ဝတ်ရတနာ မျိုးစုံ ခြောက်ပိဿာခန့် လုယက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီး ထားပြီး စစ်ဆေးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ ရဲမှူးခင်အောင် က ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးထားသည့် အမျိုးသားသုံးဦးမှာ လူငယ်အရွယ်များဖြစ်ပြီး မိုးကုတ်မြို့မှ နှစ်ဦးနှင့် တနိုင်းဘက်မှတစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

“ရွှေဆိုင်တစ်ဆိုင်ကိုလာပြီး လုယက်သွားတဲ့ဖြစ်စဉ်က ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ သုံးဦးကိုဖမ်းပြီး စစ်ဆေးနေတယ်။ သူတို့ကတော့ အသက် ၂ဝ အရွယ် လူငယ်အရွယ်တွေပဲ ဖြစ်တယ်”ဟု မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ ရဲမှူးခင်အောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးကုတ်မြို့၊ ရှောလီဝိုင်းအုပ်စု၊ အောင်ချမ်းသာ ရပ်ကွက်၊ အောင်ချမ်းသာ ဈေးအတွင်းရှိ မီလျှံရွှေဆိုင်နှင့် နဂါးရွှေဆိုင် သို့ ဆိုင်ကယ်သုံးစီးဖြင့် နှာခေါင်းစည်း အနက်များ ဖုံးအုပ်ထားသည် လူငယ်များက ပစ္စတိုဟု ယူဆရသည့် သေနတ်လေးလက် ကိုင်ဆောင်ရောက် ရှိ လာပြီး ၎င်းရွှေဆိုင် နှစ်ဆိုင်အတွင်း လူစုခွဲဝင်ရောက်ကာ ရွှေထည်ပစ္စည်းများ ယူဆောင် သွားခဲ့ကြောင်း သိရသည်။

လုယက်ခဲ့သော လူငယ်ခြောက်ဦးခန့်က သေနတ်ပစ်ဖောက်၍ အသင့်ပါလာသော သံတူများဖြင့် ရွှေဆိုင် မှန် ကောင်တာများကို ရိုက်ခွဲကာ မီလျှံရွှေဆိုင်မှ ရွှေထည်လက်ဝတ် ရတနာမျိုးစုံ နှစ်ပိဿာခန့်နှင့် နဂါးရွှေ ဆိုင် မှ ရွှေထည်လက်ဝတ် ရတနာမျိုးစုံ လေးပိဿာခန့်အား လုယူသွားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment