Thursday 12 December 2013

KNU ဌာနချုပ် နယ်မြေတွင် ပြုလုပ်ရန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့ ရွှေ့ဆိုင်း

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ဒီဇင်ဘာ ၁၁ ရက်က တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ေ ကြာင်း၊ ရွှေ့ဆိုင်းရခြင်းမှာ နေရာထိုင်ခင်း မလုံလောက်၍ ဖြစ်ကြောင်းနှင့် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ ၁၅ ရက်ကြား ပြုလုပ်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယညီလာခံနှင့် ပတ်သက်၍ ယင်းသို့ရက်ရွှေ့ဆိုင်းလိုက်ခြင်းမှာ မှန်ကန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း မူလက ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက် အတွင်းပြုလုပ်ရန် စီစဉ်ထားပြီးနောက် ထိုသို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြု လုပ်နိုင်ရန် ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။

"ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန် တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁ ရက် ၎င်း၏ ရေဒီယိုမိန့်ခွန်းတွင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment