Thursday 12 December 2013

ရဲစခန်းအတွင်း အချုပ်သားသေဆုံးမှု စခန်းမှူးကို ရာထူးတစ်ဆင့်ချ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရဲစခန်းအတွင်း အချုပ်သား သေဆုံးမှုအတွက် စခန်းမှူး ရဲအုပ် ဆန်းလင်းကို ရဲစည်းကမ်းဥပဒေအရ တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ အရေးယူထား သည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အရက်ကြောင်ကြောင်နေတဲ့ အချုပ်သားကို ဆေးရုံပို့တာနောက်ကျလို့ အရေးယူ ဆောင်ရွက်တာ။ တာ ၀န်ဝတ္တရား ပေါ့လျော့တဲ့သဘောပေါ့။ ဒု-ရဲအုပ်အဖြစ် ရာထူးချပြီး နယ်ပြောင်းထားတယ်”ဟု ရဲမှူးက ပြော သည်။ လက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ဒု-ရဲမှူးတစ်ဦးကို တာဝန်ပေးအပ်ထားပြီး ဒု-ရဲအုပ်အဖြစ် ရာထူးချခံရသူကို ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့ထားသည်ဟုလည်း ဆိုသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီးခံရသူ ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု၊ ကြာအင်းရွာနေ ဦးသန်းထွန်း မေလ ၂၃ ရက်က အချုပ်ခန်းအတွင်း သေဆုံးခဲ့ခြင်းအတွက် စခန်းမှူးဆန်းလင်းကို တာဝန် ပေါ့လျော့မှုဖြင့် ရာထူးတစ်ဆင့်ချ ပြစ်ဒဏ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးစဉ်အချိန်က ဦးသန်းထွန်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရသဖြင့် သေသူ၏မိသား စုက ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးခြင်းဟု စွပ်စွဲကာ တရားဆွဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု သေဆုံး သူ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

အဆိုပါအမှုကို ပန်းတောင်းမြို့နယ် တရားရုံးမှ သေသူသည် မိမိကိုယ်ကို ကြံစည်လုပ်ဆောင်ရာမှ ခန္ဓာ ကိုယ် ထိခိုက်သေဆုံးခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဖြစ်သည်ဟု အမိန့်ချမှတ်ခဲ့သည်ဟုလည်း ဦးမြင့် အေး က ပြောသည်။

သေဆုံးသူမှာ အရက်သောက်ထားပြီး ဦးခေါင်းနှင့် မျက်နှာတို့ကို အချုပ်ခန်းသံတိုင်၊ အိမ်သာအတွင်း အုတ်နံရံ၊ အချုပ်ပတ်လမ်း တန်းလျားတို့ဖြင့် ဆောင့်ခြင်း၊ အချုပ်ခန်းသံတိုင်အမိုးပေါ် မှ အောက်သို့ခုန် ချ ခြင်း များ ပြုလုပ်ခဲ့သည်ဟု ပန်းတောင်းရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြသည်။

Written by  ရေခဲ(ပြည်)
Mizzima - News in Burmese

No comments:

Post a Comment