Friday 15 November 2013

နိုင်ငံရေး အကျဉ်းသား ၆၉ ဦးလွတ် ဒေါ်နော်အုန်းလှ၊ ဦးနေ၀င်း ၏ မြေးနှစ် ဦး အပါ အ၀င် ပုဒ်မ ၁၈၊ ၅၀၅ (ခ) တို့ဖြင့် အကျဉ်းကျခံနေရသူ ၃၂ ဦးပါဝင်

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီက ထောက်ခံတင်ပြခဲ့သည် နိုင်ငံရေးအကျဉ်းသား(၆၉)ဦးကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုဝင်ဘာ ၁၅ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ကြောင်းသိရသည်။
လွတ်မြောက် လာသူများအနက် ၃၂ ဦးမှာ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)ဖြင့် အကျဉ်းကျ ချခံနေရသူ များ ဖြစ်ပြီး မန္တလေး အကျဉ်းထောင်၌ အကျဉ်းကျ ခံနေရသော ဒေါ်နော်အုန်းလှ၊ လက်ပံတောင်းတောင် ပဋိပက္ခဆန္ဒပြမှုတွင် ပါဝင်ခဲ့ပြီး ရွှေဘိုထောင်တွင် အကျဉ်းကျ ခံနေရသူများ၊ ကျောက်ဖြူတွင် ဆန္ဒပြပြီး အကျဉ်းကျခံနေရသူများ၊ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရပြီး ဦးနေ၀င်း၏ မြေးနှစ်ဦးဖြစ်သော ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်း၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) မှ စိုင်းပန်းအောင် အစရှိသူတို့ ပါဝင်ကြောင်း သိရှိရသည်။

လွတ်မြောက်လာသူ ၆၉ ဦးတွင် ၆၆ ဦးမှာ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအတွင်း ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ ကိုယ်စားလှယ်များက တင်ပြခဲ့သူများ ဖြစ်ပြီး ဦးအေးနေ၀င်း၊ ဦးကျော်နေ ၀င်းနှင့် ဦးသုတအောင်တို့မှ အစိုးရကိုယ်စားလှယ်များ ဘက်က တင်ပြခဲ့သူများ ဖြစ်ကြောင်း သိရှိရပါသည်။

ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ၎င်းတို့၏ဖခင် ဦးအေးဇော်ဝင်းတို့အား ၂၀၀၂ ခုနှစ် က နိုင်ငံတော်အား သစ္စာဖောက်မှု ပုဒ်မ ၁၂၂/၁ နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ပြီး မိခင်ဒေါ်စန္ဒာဝင်းနှင့် အဘိုးဖြစ်သူ ဦးနေ၀င်းတို့အား နေအိမ် အကျယ်ချုပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်က ဒေါ်စန္ဒာဝင်းမှာ နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် ခဲ့ပြီး ဦးဇွဲနေ၀င်းနှင့် ဦးအေးဇော်ဝင်းတို့မှာ ၂၀၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့ကာ အကျဉ်းထောင်အတွင်း ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်း တို့ နှစ်ဦးသာ ကျန်ခဲ့ပြီးနောက် ယခု ပြန်လွတ် လာခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာသူများမှာ အင်းစိန်ထောင်မှ သုံးဦး၊ မန္တလေးထောင်မှ ၁၀ ဦး၊ မြင်းခြံ ထောင်မှ သုံးဦး၊ သာယာ ဝတီ ထောင် မှ နှစ်ဦး၊ တောင်ငူထောင် မှ ခြောက်ဦး၊ရွှေဘို ထောင် မှ လေးဦး၊ မုံရွာ ထောင်မှ နှစ်ဦး၊ ပုသိမ်ထောင်မှ တစ်ဦး၊ သထုံထောင်မှ တစ်ဦး၊ အင်္ဂဘို ရဲဘက်စခန်းမှ တစ်ဦး၊ ဗန်းမော် ထောင်မှ နှစ်ဦး၊ မြစ်ကြီးနားထောင်မှ ငါးဦး၊ သီပေါ ထောင်မှ သုံးဦး၊ ကျိုင်းတုံ ထောင်မှ တစ်ဦး၊ ကျောက်ဖြူထောင်မှ ၁၀ ဦး၊ သံတွဲ ထောင်မှ လေးဦးနှင့် ဘူးသီးတောင် ထောင်မှ နှစ်ဦး ပါဝင်ပါသည်။

Eleven Media Group

No comments:

Post a Comment