Friday 15 November 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် OIC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် အစီအစဉ်မရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် တွေ့ဆုံရန် မရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်က The Daily Eleven သို့ ဖုန်းမှ တစ်ဆင့် ပြောကြားသည်။

''တွေ့ဖို့မရှိပါဘူး။ ဒီလိုတွေ့ဖို့ အတွက်လည်း သူတို့ဘက်က တောင်းဆိုထားတာ မရှိပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်က ပြောကြားသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ''နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေက အတည်ပြုချက် မရှိဘဲ ဖော်ပြနေတာပါ။ ကျွန်တော်တို့ ဥက္ကဋ္ဌနဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ တွေ့ဆုံဖို့ မရှိသလို သူတို့ဘက်ကလည်း တောင်းဆိုထားတာ မရှိပါဘူး။ အခုနေပြည်တော်မှာ(OIC) အဖွဲ့ ရောက်နေတယ်။ ဒီနေ့လည်း ဥက္ကဋ္ဌ ခွင့်ယူထားတယ်။ ရန်ကုန်ရောက်နေတယ်'' ဟု နိုဝင်ဘာ ၁၄ ရက်က The Daily Eleven သို့ ပြောကြားသည်။ ထို့ပြင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် လွှတ်တော်သို့ လာရောက်မည် ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံရန် အစီအစဉ် မရှိကြောင်း သိရသည်။

မြန်မာပြည်သူလူထုက ကန့်ကွက်ခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလက လာရောက်ရန် အစီအစဉ် ပျက်ပြယ်ခဲ့သော်လည်း ယခုနိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ် လာရောက်မှုကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရှိ သံဃာတော်များ အပါအ၀င် ပြည်သူများက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မြန်မာနိုင်ငံသို့ လာရောက်မှုကို နိုဝင်ဘာ ၁၃ ရက်က အစိုးရရုပ်သံ မီဒီယာများ၏ သတင်းအစီအစဉ်တွင် ဖော်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment