Friday 15 November 2013

ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းအတွင်း နေရာပြောင်းရွှေ့မှု တွင် ထိခိုက်မှု၊ ပစ္စည်းပျောက်ဆုံးမှုများ ရှိနေသဖြင့် ကားတင်သွင်းသူအချို့ နစ်နာမှုများရှိနေ

ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အဆိုပါ ကားများတွင် ပါဝင်လာသည့် အပိုပစ္စည်းများ ပျောက်ရှခြင်း၊ သင်္ဘောအတင်အချတွင် ထိခိုက်မှုနှင့် ဆိပ်ကမ်း တွင်း နေရာပြောင်းရွှေ့မှုကြောင့် ကားထိခိုက်မှုအချို့ ရှိနေသဖြင့် ကားတင်သွင်းသူအချို့ နစ်နာမှုများ ရှိနေကြောင်း ပြည်ပမှ ကားတင်သွင်းသည့် လုပ်ငန်းရှင်အချို့က ပြောကြားခဲ့သည်။
''ပြည်ပက တင်သွင်းလာတဲ့ ကားအချို့ ဆိပ်ကမ်းမှာ ပစ္စည်းပျောက်တာမျိုး၊ ဆိပ်ကမ်းတွင်း ပြောင်းရွှေ့ တာကနေ တင်သွင်းလာတဲ့ ကားတွေ ထိခိုက်တာမျိုးတွေ ရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ ပစ္စည်းပျောက်တာ လေးငါးသောင်းဖိုးလောက်ဆို ကိုယ့်ဘာသာကိုယ် ၀ယ်ထည့်ရတယ်။ သူတို့ကို သွားပြောနေရင် ပါမလာဘူး ဆိုတာပဲပြောတာ။ ပစ္စည်းပျောက်တာက ကြိုကြားကြိုကြားဖြစ်တယ်'' ဟု ပြည်ပမှ ကားတင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

''နိုင်ငံခြားက တင်သွင်းလာတဲ့ကားတွေ ထိခိုက်မှုက သင်္ဘောအတင် အချမှာလည်း နည်း နည်းတော့ ဖြစ်တာပဲ။ ဟိုဘက်ကလည်း တချို့ကားတွေမှာ နည်းနည်းပါးပါး ဖြစ်လာတွေရှိတယ်။ ဆိပ်ကမ်းမှာ ထိခိုက်လာရင် တကယ်တော့ ဆိပ်ကမ်းမှာ တာဝန်ရှိတာပေါ့ဗျာ။ ဒါပေမဲ့လည်း အဲဒါတွေကိုသွား Complain တက်နေရင် သိတဲ့အတိုင်းပဲ ရမှာမဟုတ်ဘူး။ အဲဒီအတွက် ဘယ်သူမှလည်း သွားပြောမနေဘဲ ပြဿနာ မဖြစ်လောက်ဘူးဆိုရင် ကိုယ့်ဘာသာထုတ်ပြီး ပြင်လိုက်ကြတာပဲများတယ်။ ပစ္စည်းပျောက်တာတော့ ရှိနေတုန်းပဲ။ တချို့ဟာတွေ စမတ်ကီးလိုဟာတွေဆို ပျောက်တာရှိတယ်။ အခုထက်ထိအဲ ဒါတွေရှိနေတုန်းပဲ။ ဆိပ်ကမ်းမှာ ကားရွှေ့ရင်းပြုရင်းနဲ့ တစ်စီးနဲ့တစ်စီး ထိခိုက်တာတွေ  လည်းရှိတယ်။ ကားတွေကလည်း အရမ်းများတာကိုး။ ဘယ်သူက ဘာမှတာဝန် ယူတာမျိုး မရှိပါဘူး။ ကိုယ့်ဘာသာ ကိုယ်ပဲကြည့်ပြီး ဆွဲထုတ်လာခဲ့ရတာပါ။ ကိုယ့်ဟာ ကိုယ်ပြင် ရတာပါပဲ'' ဟု ဧရာဝတီ အားမာန် ကားတင်သွင်း ရောင်းချသည့် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပြည်ပသွင်းလာတဲ့ ကျွန်တော်တို့ကား အချို့မှာ ထိခိုက်ထားတာတွေ ဖြစ်လာတယ်။ ကားကဘေးခြမ်းတွေ ထိတယ်။ ဘောနပ်ဖင်ပိုင်းတွေ ထိတယ်။ ဘေးထောင့်၊ အောက်ပိုင်း စကတ်နားက ပဲ့လာတာတွေ ရှိတယ်။ တချို့ဟာက ဖြစ်တာကြီးတာရှိတယ်။ တချို့ဟာက ပါးပါးပဲဖြစ်တယ်။ ကျွန်တော်တို့ သွင်းလာတဲ့ ကားကို အေးဂျင့်ကထုတ်ပြီးမှ ကြည့်ရတာ ဖြစ်တယ်။ အဲလိုဖြစ်လာတော့ အေးဂျင့်တွေကို Complain တက်တယ်။ သူတို့ ကလေလံဆွဲကတည်းက ဖြစ်တယ်လို့လည်းပြောတယ်။ သင်္ဘောပေါ်ကချတာ သူတို့မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဘယ်သူတာဝန်ရှိတာ ပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကတော့ နစ်နာမှုတွေ ရှိသွားတာပေါ့'' ဟု သာကေတမြို့နယ်တွင် ကားအရောင်းစင်တာ ဖွင့်လှစ်ထားသူ တစ်ဦး က ပြော ကြား သည်။

ထိုသို့ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းအတွင်း ပစ္စည်းများ ပျောက်ရှခြင်းများ၊ ကား အတင်အချ၊ အရွှေ့အပြောင်းများတွင် ထိခိုက်မှုရှိခြင်း အစရှိသည့် ကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ''ကားအတင်အချက သင်္ဘောလိုင်းတွေကပဲ လုပ်တာပါ။ သူတို့ ဒရိုင်ဘာတွေနဲ့ သူတို့လုပ်တာပါ။ ပစ္စည်းပျောက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်မှာပျောက်တယ်ဆိုတာ သတင်းပေးရင် ကျွန်တော်ထဲမှာ ပျောက်တယ်လို့ပြောရင် ကျွန်တော်တို့ စုံစမ်းပေးပါတယ်။ ဒီမှာက ပစ္စည်းတွေကို သင်္ဘောကချကတည်းက ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတာ ရှိပါတယ်။ ဘယ်ပစ္စည်းပါတယ်၊ မပါဘူးဆိုတာ မှတ်တမ်းတင်ထားတယ်။ ပျက်စီးနေရင်လည်း ပျက်စီးနေတယ်ပေါ့။ ပစ္စည်းစထုတ်ကတည်းက ကိုယ့်ပစ္စည်း ပျောက်တယ်ဆိုရင် သတင်းပို့ပါ။ အဲဒါဆို ကျွန်တော်တို့ ရှင်းပေးပါတယ်။ အပြင်ရောက်မှ ပျောက်တာဆိုရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ကားထဲမှာ အလုပ်သမားတွေ ၀င်အိပ်တယ် ဆိုတာမျိုးက ထင်တာပြော တာ ဖြစ်နိုင် ပါတယ်။ ၀င်အိပ်လို့ ဘယ်ရမလဲ သော့က ကျွန်တော်တို့ဆီမှာ တစ်ခါတည်း အပ်ရတာပါ။ နောက်တော့မှ ကားရဲ့ တာဝန်ရှိသူ လာထုတ်မှ ကားသော့ကို ထုတ်ပေးတာပါ။ ကားပစ္စည်းတွေပျောက် ရင် ပျောက်ကြောင်း တစ်ခါတည်းပြောသွားလိုက်။ ကျွန်တော်တို့မှာလည်း လုံခြုံရေးဝန် ထမ်းတွေ အများကြီးနဲ့ စီစီတီဗွီတွေနဲ့အလုပ် လုပ်ကြတာပါ။ တစ်ခါတည်းပြော၊ တစ်ခါ တည်းရှင်းကြပါ'' ဟု ပြောကြားခဲ့သည်။

ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော သက်တမ်းကြာမြင့်သည့် ယာဉ်အိုယဉ်ဟောင်းများ ကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုးတင်သွင်းခွင့် ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်အတွင်း မှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပမှ မော်တော်ကားများ တိုက်ရိုက်ဝယ်ယူ တင်သွင်းရန် အခက်အခဲရှိသူများအား ပြည် တွင်းမော်တော်ကား အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ရန်အတွက် Sale Center များတွင် ၀ယ်ယူခွင့် ပါမစ်များအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment