Tuesday 8 January 2013

ယောင်္ကျားအရက်မူးသောင်းကျန်းလို့အုပ်ချုပ်ရေးမှုး သွားတိုင်တာအုပ်ချုပ်ရေးမှုးကအဓ္ဓမပြုကျင့်ဖို့လုပ်ဆောင်

ကသာမြို့ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၃၃/၂၀၁၂  ဖြင့် တိုင်ချက်ရေး သွင်းပြီးဥပဒေ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူမှု တစ်ခုပြုလုပ်ခဲ့ ရာ ထိုအမှုဖွင့်လှစ်ခဲ့ရခြင်း မှာ တရားခံဟု စွတ်စွဲခံရသူ နိုင်ဦး၏ 
  အာချောင်မှုကြောင့် ဖွင့်လှစ်လိုက် ရခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားခဲ့သူ အသက်(၂၅)နှစ်ရှိ မလုတောင်(ဘ) ဦးနော်တောင်မှ ယခုလို ပြောကြားခဲ့ပါသည်။
“ စဖြစ်တာက ၂လကျော်ကြာခဲ့ပါပြီ၊အတိအကျပြောရရင် ၂၁.၁၀.၂၀၁၂ည ၉နာရီလောက်မှာ ကျွန်မ ရပ်ကွက်(၉)အုပ်ချုပ်ရေးမှူးရုံးကို သွားပါတယ်၊

အိမ်မှာ ကျွန်မယောက်ျား အရက်မှူးပြီးသောင်းကျန်းနေလို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာပါ၊အဲဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတိုင်ပြီး ရုံးအောက်ကိုဆင်းတော့  ရာအိမ်မှူး နိုင်ဦး က နောက်လိုက်လာပြီး လှေခါးရင်းရောက်တော့ကျွန်မကို ငါကို လဘက်ရည်တိုက်သွားဦးလို့ပြောပါတယ်၊

ကျွန်မကလည်း ဟုတ်ကဲ့ တိုက်ပါမယ်လို့ပြောပါတယ်၊အေး ဒါဆို ငါ့နောက်က ထိုင်ဆိုင်ပြီး လဘက်ရည်ဆိုင်ရှိတဲ့ မြို့ထဲကို သူ့ဆိုင်ကယ်နောက်ကနေ တင်ခေါ်သွားပါတယ်၊ ဘူတာ လမ်းကြား ရောက်တော့ ဆိုင်ကယ်ရပ်ပြီး ကျွန်မလက်ကိုဆွဲပါတယ်၊

ကျွန်မက လူကြီးလူကောင်းတစ်ယောက်ဟာ အခုလို မလုပ်သင့်တဲ့အကြောင်းပြောတော့ သူက အေးအေး ဒါဆိုရင် ငါအိမ်ပြန်ပို့ပေးမယ်ဆိုပြီး သူ့ဆိုင်ကယ်ကို နောက်ပြန်လှည့်ပါတယ်၊

ကျွန်မလည်း သူ့ဆိုင်ကယ်နောက်က ပြန်ထိုင်ပြီးလိုက်လာခဲ့ပါတယ်၊အဲဒီလို အိမ်ပြန်တဲ့ အခါ လူရှင်းတဲ့ အာရှဘဏ်လမ်းကြားကနေပြန်ပါတယ်၊လူရှင်းတဲ့တော စပ်နားရောက်တော့ ဆိုင်ကယ်ရပ်ပြီး ခြုံထဲကို ဆွဲခေါ်ပြီးလုံးပါတယ်၊ကန်တော့ပါရဲ့၊

သူက အားကောင်းတော့ ကျွန်မအပေါ်ရောက်ပြီး ထမိန်လန်တဲ့အချိန်မှာ ကျွန်မက သတိရှိရှိနဲ့ ကျွန်မဟာ ဗိုက်ခွဲထားတာမကြာသေးတဲ့အကြောင်း၊ ဆက်ဆံလို့မရကြောင်း၊လူကြီးလူကောင်းအနေနဲ့ ဒီလို မပြုလုပ် သင့်တဲ့အကြောင်း၊ ကျွန်မယောက်ျားဟာ အရက်သောက်ပြီး သွေးဆိုးသူဖြစ်တဲ့အကြောင်း၊ ဒီအကြောင်းသာသိရင် သတ်ခံရမယ့်အကြောင်းတွေ ရှင်းပြပါတယ်၊ အဲဒီတော့မှ သူ့ရဲ့အားထုတ်မှုရပ်သွားပြီး “အေးပါ၊ဒါဆိုလည်း ပြီးတာပါပဲ၊

နင်အခုလိုပြောတာ ကျေးဇူးတင်တယ်၊နင့်လို ငါ့ကို ဘယ်မိန်းမမှ ဒီလိုမပြောဖူးဘူး”ဆိုပြီးကျွန်မကို အိမ်ပြန်ပို့ပေးပါတယ်၊နောက်ရက်ညနေ၃နာရီလောက်မှာ ကျွန်မရုံးကိုထပ်မသွားရဲတော့လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ကို သွားတိုင်ပါတယ်၊

အဖေါ်အဖြစ် အသိဖြစ်သူ မအိငယ်ကိုလည်း အတူခေါ်သွားပါတယ်၊ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့ ရာအိမ်မှူး နိုင်ဦးကြံစီခဲ့ပုံကို တိုင်ပါတယ်၊ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျွန်မကို ဘယ်လိုဖြစ်ချင်လဲ လို့မေးပါတယ်၊

ကျွန်မက ဘယ်လိုမှမဖြစ်ချင်ပါဘူး၊နောက်နောင်ဒီလို မကြံစီဖို့ ဆုံးမပေးပါလို့ပဲ ပြောဖြစ်ခဲ့ပါတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အေးအေး  ငါဆုံးမလိုက်မယ် လို့ပြောပါတယ်၊ကျွန်မလည်း နိုင်ဦးရဲ့ သိက္ခာကို ငဲ့ပြီးဘယ်သူ့ ကိုမှ မပြောခဲ့ပါဘူး၊

ဒီလိုနဲ့ ၂၂.၁၂.၂၀၁၂ရက်နေ့မှာ ကျွန်မယောက်ျား အရက်မူးပြီး အိမ်ပြန်လာပါတယ်၊ပြီးတော့ ဓါးဆွဲပြီး ကျွန်မခေါင်းကို ရွယ်ပါတယ်၊နင်ကို နိုင်ဦးက ဆွဲလုံးတာ ဘာဖြစ်လို့ ငါ့ကို မပြောတာလဲ ဆိုပြီး မေးပါတယ်၊ကျွန်မက ဘယ်သူပြောတာလဲ လို့မေးတော့ အရက်ဆိုင်ထဲမှာ နိုင်ဦးက အရက်သောက်ပြီးပြောနေတာ လို့ပြောပါတယ်၊

ဒါနဲ့ ကျွန်မကလည်း အလွန်အကျူးဘာမှ ဖြစ်ခဲ့တာလည်း မဟုတ်တဲ့အပြင် လူသတ်ပွဲတွေဖြစ်ကုန်မှာစိုးလို့ မတိုင်ခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြရင်းနဲ့ ကျွန်မ ခေါင်းကိုရမ်းလိုက်မိတော့ ကျွန်မရဲ့ ဦးခေါင်း ဘယ်ဘက်ချမ်းကို ဓါးရှသွား ပါတယ်၊

ကျွန်မဘက်က လူကြီးဆန်ဆန်တွေးပြီး မကြီးကျယ်အောင် ထိန်းသိမ်းခဲ့ပေမယ့်  နိုင်ဦးက ဒီလောက် အာချောင်ရပါ့မလားဆိုပြီး ကျွန်မ စိတ်တိုလို့ ကသာရဲစခန်းကို အမှုသွားဖွင့်ပါတယ်၊အဲဒီလို အမှုသွားဖွင့်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသိသွားပြီး ရဲစခန်းကိုလိုက်လာပါတယ်၊

ရဲစခန်းပေါ်မှာ ကျွန်မကို အမှု မဖွင့်ဖို့ပြောပါတယ်၊ကျွန်မအမှုဖွင့်ရင် သူကလည်း ကျွန်မယောက်ျားကို ဓါးခုတ်မှု(ကျွန်မကို ဓါးခုတ်တယ်ပေါ့)၊

သံလမ်းခိုးမှု(အရင် ခြံတစ်ခြံရှင်းရင်း တူးလိုရခဲ့တဲ့ သံလမ်းအဆက်ကိုအိမ် ယူလာလို့)တို့နဲ့ အမှုဖွင့်လို့ ရတဲ့အကြောင်းပြောဆိုပြီး သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြေလှယ်အောင် လုပ်ပေးမယ့်အကြောင်းပြောဆိုပြီး၊နောက်နေ့မှာ ကျွန်မတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပါတယ်၊

ကျွန်မကို နောက်နေ့ညမှာ လျော်ကြေးငွေ၅သိန်းပေးမယ်ပြောပါတယ်၊ကျွန်မက  ငွေရချင်လို့ တိုင်တာမဟုတ်တဲ့အတွက် အမှုဖွင့်ဖြစ်ခဲ့ပါတယ်” ထိုအမှုနှင့်ပါတ်သက်၍ဒုရဲအုပ်ကျော်အောင်မှ တရားခံ ရာအိမ်မှူးဟောင်းနိုင်ဦး(၃၂/၂၀၁၂နှစ်)ဘဦးညိုကြီး အား ကသာမြို့နယ်တရားရုံးသို့ တရားစွဲ တင်နိုင်ရေးစစ်ဆေးလျှက်ရှိပါသည်၊

 မှုခင်းစတင်ဖြစ်ပွားရန် အခြေတည်ခဲ့သည့်နေရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးဖြစ်ခဲ့ပြီး ရပ်ကွက်နေလူထု အားကိုးရန်နေရာသည် လုံခြုံမှု မရှိသည့်သဘောဖြစ်နေပါသဖြင့် ဤဖြစ်စဉ်အပေါ် အုပ်ချုပ်ရေးပိုင်းမှလည်း တင်းကြပ်စွာ တားဆီးသင့်ပါကြောင်း ရပ်ကွက်နေလူထုအချို့က ပြောဆိုလျှက်ရှိပါသည်၊

ယခုဖြစ်စဉ်တွင်ပါဝင်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့မှာ အရင်လူဟောင်းများဖြစ်ခဲ့ပြီး ထပ်မံရွေးချယ်ရာတွင်လည်း မူလနေရာအတိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်ခေါင်း ပြန်ဖြစ် လာကြပါသည်၊

From : ဟာဂျူလီ(ကသာ)

No comments:

Post a Comment