Friday 7 December 2012

ရှမ်းတိုင်းရင်းသားပါတီများ ပူးပေါင်းရန် ရှမ်းပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် လိုလား


ရှမ်းတိုင်းရင်းသားများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကောက်ယူမှု စစ်တမ်းများအရ ရှမ်းတိုင်းရင်းသားပါတီများ ပူးပေါင်းသွားရန် ရှမ်းပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က လိုလားကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
စစ်တမ်းကောက် ယူမှုကို ရှမ်းပြည်နယ်ရှိ မြို့နယ် ၄၀ ခန့်မှ ပါတီဝင်မဟုတ်သူများနှင့် စစ်တပ်နှင့် မဆိုင်သော လူဦးရေ သုံးထောင်ကျော်ကို မေးခွန်း အချက် ၅၀ ပါဝင်သော စာရွက်များ ဝေငှကာ ဆန္ဒကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်းတို့ထဲမှ ၉၀ ရာခိုင် နှုန်းကျော်က ပါတီများ ပူးပေါင်းရန် ဆန္ဒပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' ကျွန်တော်တို့ ရရှိလာတဲ့ အချက်အလက်တွေကို ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ ဖိုရမ်မှာ ဆွေးနွေးတယ်။ ဖိုရမ်မှာတော့ ဒီကိစ္စကို သဘောကျကြပါတယ်။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ အခုလည်း ပါတီတွေ မပေါင်းနိုင်သေးပေမယ့် အောက်ခြေမှာရှိတဲ့သူတွေက ပေါင်းပြီးလုပ်နေကြတာတွေ ရှိပါတယ်'' ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါသည်။
ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းများ၏ ဖိုရမ်ကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင် သားများ တိုးတက်ရေးပါတီ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအင်း စသည့် အဖွဲ့များက ဦးဆောင်ကာ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန်နှင့် နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးအတွက် စုပေါင်းအားဖြင့် တွန်အားပေး ဆောင်ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment