Friday 7 December 2012

တောင်ကြီးမြို့တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရန် ဆန္ဒဖေါ်ထုတ်သည့်သံဃာတော်များ အကြမ်းဖက်ဖြိုခွင်း သည့်ကိစ္စအပေါ် ရှုပ်ချဆန့်ကျင်သည့်လမ်းလျှောက်ဆန္ဒပြပွဲ တရပ်ယနေ့ တောင်ကြီးမြို့ မှာ ပြုလုပ်ခဲ့ ပါတယ်။
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ လောကမာန်အောင်ကျောင်းတိုက် ဆရာတော် ဦးခေမာနန္ဒ ဦးစီးသော အောက်ပါကျောင်းတိုက်များမှ ရဟန်း(၅၈)ပါး၊ သာမဏေ (၅၂)ပါး စုစုပေါင်းသံဃာတော် (၁၁၀) ပါး၊ NLD ပါတီမှ ရှမ်းပြည်နယ်ပါတီညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး ဦးစီးသော ပါတီဝင် (၅၀) ဦးခန့်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ နေမျိုး ဦးစီးသော အဖွဲ့ဝင် (၈) ဦး၊ ရှမ်းပြည် မျိုးဆက်သစ် အင်အားစုအဖွဲ့မှ စိုင်းမျိုးဝင်းထွန်း ဦးစီးသော အဖွဲ့ဝင် (၆) ဦး၊ ပြည်တွင်း သတင်းထောက် (၈) ဦး စုစုပေါင်း (၁၈၂) ဦးတို့သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်ကာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ရန် ၂၀၁၂ ဒီဇင်ဘာလ ၀၆ ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီ ထိ လောက မာန်အောင်ကျောင်းတိုက်တွင် စုဝေးပြီး ၂ နာရီ ၅ မိနစ်တွင် အဆိုပါကျောင်းမှ စိန်းပန်းရပ်ကွက်၊ သရဖီ လမ်းမှ အနောက်မြို့ပတ်လမ်းအတိုင်း လျှောက်ကာ မြို့မရပ်ကွက်၊ မြောက်ကျောင်း လမ်းမှတဆင့် ချိုးကွေ့ ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဆက်လက်လျှောက်ကာ သစ်တောရပ်ကွက်ရှိ စူဠာမုနိ ဘုရား ရင်ပြင်တော်ပေါ်သို့ ၄ နာရီ ၁၀ မိနစ် ချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။

၎င်းနောက် သံဃာတော်များသည် စူဠာမုနိရင်ပြင်တော် အရှေ့ဘက်မုဒ်ဦးတွင် ၄ နာရီ ၂၀ မိနစ်မှ ၄ နာရီ၄၅ မိနစ်ထိ နမောတသ ရွတ်ဆိုခြင်း၊ ဘုရားအနေကဇာတင်ခြင်းနှင့် ဦးခေမာနန္ဒမှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများအား ရှင်းလင်းဟောပြောခြင်း၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ နေမျိုးမှ၎င်းတို့အဖွဲ့၏ ကြေငြာ ချက်အား ပြောကြားခဲ့ပြီးနောက် ၄ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးသော မောချယ်ရီ ယာဉ်လိုင်းမှ မော်တော်ယာဉ် (၄) စီးဖြင့်သတင်းသုံးရာ ကျောင်းတိုက် အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါတယ်။

၎င်းအပြင် လောကမာန်အောင်ကျောင်းတိုက် ဆရာတော် ဦးစီးသောအဖွဲ့မှ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ရာတွင် အသုံးပြုခဲ့သော အလျား (၅) ပေ အနံ(၄) ပေခန့်ရှိ ဗီနိုင်းဆိုင်းဘုတ် များတွင် အနီရောင်စာလုံးဖြင့် ရေးသားထားသော “လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်သံဃာ တော်များ၏ တောင်းဆိုချက်” မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

လက်ပံတောင်းတောင်တွင် ငြိမ်းချမ်းစွာ ဆနဖော်ထုတ်နေကြသည့် သံဃာတော်တို့အား နှိမ်နှင်းခဲ့သူ များကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်။လက်ပံတောင်းတောင် ဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော ပုဂ္ဂိုလ်များကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။သံဃာတော်များအား ဒဏ်ရာ ရအောင် ဆောင်ရွက်ခဲ့သည့် အဓိကတာဝန်ရှိသူများမှ ကာယကံရှင်ဆရာတော်များနှင့် ၄င်းတို့၏ ဥပဇျာယ်ဆရာတော်များအား ၀န်ချတောင်းပန်ရန်။ စသည့်အချက်များတောင်းဆိုလိုက်ပါတယ်။

၎င်းအပြင် စူဠာမုနိဘုရားရင်ပြင်တော် အရှေ့ဘက်မုဒ်ဦးတွင် ဦးခေမာနန္ဒမှရှင်းလင်းပြောဆို ဟောကြား ခဲ့သည် များမှာ အောက်ပါအတိုင်း ပြပါတယ်။

(က) သံဃာတော်အရှင်သူမြတ်တို့ဘုရား လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သောကိစ္စနှင့် ပတ်သက်ပြီး သံဃာတော်များ၏ တောင်းဆိုချက် (၅) ချက်ပါဘုရား။ နံပါတ် (၁) နိုင်ငံတော်သမတနှင့် အစိုးရအဖွဲ့က လက်ပံတောင်တောင်သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုတွင် ထိခိုက်ဒဏ်ရာရ သံဃာများကို အမြန်ဆုံး လာရောက်ဝန်ချတောင်းပန်ရန်။ နံပါတ် (၂) အကြမ်းဖက်ဖြိုးခွင်းမှုတွင် တာဝန်ရှိပုဂ္ဂိုလ်များကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်။ နံပါတ် (၃) ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ထားသူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်။ နံပါတ် (၄) ကြေးနီ စီမံကိန်းကို ဒေသခံ များနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်။ နံပါတ် (၅) အကြမ်းဖက်ဖြိုခွင်းသည့် ကိစ္စကို စုံစမ်းစစ်ဆေးရေးကော်မတီမှ အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ပါတယ်ဘုရား။

(ခ) ဒီအချက် (၅) ချက်ဟာ ရှမ်းပြည်နယ်တွင်နေသော သံဃာတော်များအနေဖြင့် လက်ပံတောင်းတောင် ဒေသ ဟာ လယ်တီဆရာတော်ဘုရားကြီး သတင်းသုံးနေထိုင် သွားသော နေရာဒေသ ဟု အားလုံးသိရှိ ထားပြီးဖြစ်ပါကြောင်း။ ဆရာတော်ဘုရားကြီး သတင်းသုံးနေထိုင်သွားခဲ့သော ကျောင်းများလည်း ပျက်ဆီးချို့ယွင်းသွားခဲ့ကြောင်း။ သံဃာတော်များ အနေဖြင့် အမျိုးဘာသာ သာသနာကို ရှေးရှုပြီး အကြမ်းမဖက် အေးဆေးငြိမ်သက်စွာဖြင့် သပိတ် စခန်းများ ဖွင့်ပြီး ဒကာ ဒကာမများ၏ လိုအပ်ချက် သံဃာများ၏ လိုအပ်ချက်ကို ပြည့်ဆုံပါရန် အကြောင်းဖြင့် သံဃာတော်များ သွေးမြေကျရသည့်အထိ မြင်လည်း မြင်ရ ကြားလည်းကြားရပါကြောင်း။ တပည့်တော် တို့အနေဖြင့် အလွန်ဝမ်းနည်းမိပါကြောင်း။ ယင်းသို့ထပ်တူ အခြားသံဃာတော် လူပရိတ်သတ်များနှင့် တိုင်းပြည်အကျော်အမော် ဆရာတော်ကြီး များလည်း အလွန်ဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ရ ပါကြောင်း။

(ဂ) ထိုဖြစ်ရပ်များကို သွားရောက်ကြည့်ပါက သံဃာ့အရေး တပည့်တော်တို့အရေး သံဃာ့တာဝန် တပည့်တော်တို့ တာဝန်ဟု ဆိုပြီးတော့ သံဃာတော်များ စုပေါင်းပြီး ယနေ့စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ် တောင်းဆိုခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရမှလည်း ခွင့်ပြုခဲ့ပါကြောင်း။ တပည့်တော်တို့လည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် မေတ္တာများ ပို့သခဲ့ရပါကြောင်း။ အခြေခံဖြစ်သော စွန့်ဆိုသည့် စကားလုံးဖြစ်ပါကြောင်း။ စွန့်ဆိုသည်မှာ ဒကာ/မများ၏ လက်သုံးစကားဖြစ်ပါကြောင်း။ စွန့်ဆိုသည်မှာ စွန့်နိုင်ခွင့်ရှိရန် သူ့မေတ္တာရှင်ရသေ့မှ ဘ၀အဆက်ဆက်တွင် နံပါတ် (၁) စွန့်ခြင်းနည်း (၅) ပါးဖြစ် ပါကြောင်း။ တပည့်တော်တို့မှလည်း ဘာတွေ စွန့်ခဲ့ရသလဲ၊ သွေး/ချွေး မြေကျအောင် စွန့်ခဲ့ရပါကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းသည် အေးဆေးစွာ ဆန္ဒဖော်ထုတ်သွားခဲ့ကြသည့် သံဃာများ သည် ချွေး/သွေးများ စွန့်ခဲ့ရကြောင်း။ ချွေး/သွေး မြေခခဲ့ခြင်းကြောင့် မရှုမလှဖြစ်ကာ ဆေးရုံတွေမှာ တက်ရောက်ကာ ဆေးကုသနေရပါကြောင်း။ ထိုစွန့်ခြင်းများကြောင့် တပည့်တော် တို့သည် ချွေး လောက်သာ စွန့်ခဲ့ ရကြောင်း။ သို့သော်လည်း တပည့်တော်တို့သည် အကုသိုလ်ဖြစ်မည့်အကြောင်းများ ကို ဒကာ/မတွေအနေဖြင့် ထပ်ဆင့်မတိုးပွားကြစေရန်နှင့် စီတန်းလှည့်လည် သည့်အခါ ညီညွတ်မှုမရှိပဲ ၀ရုန်းသုန်းကားဖြစ်ပါက လမ်းဘေးတွင် ကြည်ညိုနေကြသည့် ဒကာ/မများအနေဖြင့် ကုသိုလ်မရဘဲ အကုသိုလ်သာ ရရှိမှာဖြစ်ပါကြောင်း။

(ဃ) ထို့ကြောင့် တပည့်တော်ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။ ယနေ့ခေတ်သည် မီဒီယာ ခေတ် ဖြစ်ပါသဖြင့် လိမ်လို့ညာလို့ မရပါကြောင်း။ လိမ်ညာခြင်းသည် ခဏသာ ရပြီး ရေရှည် မရနိုင်ပါ ကြောင်း။ ဥပမာပေးရမည်ဆိုလျှင် ဆေးလိပ် မသောက်ရဟု တပည့်များအား မှာကြား ထားသော် လည်း တပည့်တွေမှ ခိုးဝှက်ပြီး လုပ်ကိုင်ကြမှာဖြစ်ကြောင်း။ အပြစ်လုပ်ကိုင်ရာတွင် ပွင့်လင်းစွာ လုပ်ကိုင် သူနှင့် ခိုးဝှက်လုပ်ကိုင်သူတို့ နှိုင်းယှဉ်ကြည့်ပါက ပွင့်လင်းစွာ လုပ်ကိုင်သူသည် အပြစ်နည်းပါးပြီး ခိုးဝှက် လုပ်ကိုင် သူမှာ အပြစ်ပိုမိုများပြားကြောင်း။ မကောင်းတာဆိုသည်မှာ ခိုးဝှက်ပြီး လုပ်ကိုင် မရပါကြောင်း။ လက်ပံတောင်းတောင်တွင် ဖြစ်သည့်ကိစ္စမှာ မီးလောင်ဗုံးနှင့် ပစ်ဖောက်ခွဲခြင်းကြောင့် အလွန်ရုပ်ဆိုး လှပါကြောင်း။ ဒီသံဃာတော်များဟာ သာသနာအကျိုး ပြုနေသည့် သံဃာများ ဖြစ်သလို တပည့်တော် တို့သည်လည်း ထို့နည်းတူ စွန့်လွှတ်ကြရမှာဖြစ်ကြောင်း။ အားလုံးဟာ ယခုကဲ့သို့ မစွန့်နိုင် ခြင်းကြောင့် ယခုကဲ့သို့ ဖြိုခွင်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပါကြောင်း။ ကြေးနီစီမံကိန်းကို နိုင်ငံတော်အစိုးရမှ မည်သို့ မည်ပုံ ဆောင်ရွက်သွားမည်ကို စဉ်းစားထားကြမည်ဖြစ်ကြောင်း။ သူတို့ဘက်က ဆောင်ရွက် ထားရွက် သလို တပည့်တော်တို့ဘက်မှလည်း စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်းမှ သံဃာတော်ကြီးများမှ ၄င်းကြေးနီစီမံကိန်းကိစ္စအား ဆက်လက်ပြီး ဆန့်ကျင်ဆောင်ရွက်မည်ဆိုပါက တပည့်တော်တို့မှလည်း ယင်းဆရာတော်ကြီးများနည်းတူဟုသာ ပြောလိုပါကြောင်း။

(င) ကြွရောက်လာသော သံဃာတော်များမှ လက်ခံပါသလားဘုရား (သံဃာတော်များမှ လက်ခံပါ သည်ဟု ဖြေကြား)။ တပည့်တော်တို့ တိုင်းပြည်ဟာ အပြောင်းအလဲလုပ်ကာစ အချိန် ကာလသာ ဖြစ်ပါကြောင်း။ ၈၈ အရေးအခင်းတွင် တပည့်တော် အဖမ်းခံ ထောင်ကျခဲ့ဘူးကြောင်း။ အဖမ်းခံ ထောင်ကျရသည့် အတွက် မခံစားရပါကြောင်း။ ဒုမှူးကြီး အောင်သန်း ခမရ (၁၇) စစ်ကြောင်း မှူးမှ တပည့်တော်ကို မေးမြန်းကြောင်း။ဆရာတော် အဖမ်းခံရမှာ မကြောက်ဘူးလား ဘုရားလို့ မေးမြန်းတဲ့ အတွက် တပည့်တော်မှ ဒီအလုပ် လုပ်တဲ့အတွက် အဖမ်းခံပြီး ထောင်ကျခံရခြင်းမှာ ကုသိုလ်ကံကောင်း တယ် လို့ မှတ်ပါကြောင်း။အမှန်တကယ်က သေရမှာဖြစ်ကြောင်း။ စွန့်လွှတ်သည့်နေရာတွင် ရဲရဲတင်းတင်း စွန့်လွှတ်ရန် လိုအပ်ပါကြောင်း။ အမျိုးဘာသာ သာသနာအတွက် တိုင်းပြည်နှင့် လူမျိုးအတွက်ကိုသာ စွန့်လွှတ် ရန်အတွက် အသင့်ဖြစ်ရန် လိုအပ်ပါကြောင်း။

(စ) တပည့်တော်အနေဖြင့် ဘာကိုမှ ဂရုမစိုက်ပါကြောင်း။ ဘာပဲဖြစ်ဖြစ် ကြေးနီတောင်စီမံကိန်းကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော တရုတ်တွေကို ကြောက်ရပါတဲ့ဟုယခု ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ၀န်ကြီး ဦးအောင်မင်း မှ ပြောကြားခဲ့ပါကြောင်း။ ၈၈ အရေးအခင်း ပြီးတဲ့အခါတွင် တရုတ်က ကျွေးထားတာဟု ပြောကြားခဲ့ပါကြောင်း။ ယင်းကဲ့သို့ ပြောကြားခြင်းကြောင့် တပည့်တော်တို့အနေဖြင့်ခံစားရပါကြောင်း။တိုင်းပြည်ကိုတရုတ်မှ ကျွေးထားရသည်ဆိုပါက ကြေးနီတောင်ကို ဘယ်သူတွေ လုပ်စားနေသလဲဟု မေးခွန်းထုတ်လိုပါကြောင်း။ ထို့အတူပဲရှမ်းပြည်နယ် အတွင်းရှိ ဘော်ဆိုင်းဒေသ တွင်လည်း တရုတ်ကုမဏီကြီး (၇) ခုမှ မှတ်ပုံတင်မရှိ ဗီဇာမရှိဘဲ ၀င်ချင်သလို ၀င်လာ တာတွေကို မြင်တွေ့ကြားသိရကြောင်း။ ယင်းကိစ္စကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့သို့ မေတ္တာရပ်ခံလိုပါကြောင်း။ ဥပဒေနှင့်အညီ ဒေသခံပြည်သူများအပေါ် ဆောင်ရွက်ပေးသင့်ပြီး ယခု ကြေးနီစီမံကိန်းကဲ့သို့ ဖြစ်ပွားလာမှာကို ဘုန်းကြီးအနေဖြင့် စိုးရိမ်မိကြောင်း။ အချို့မှ ဘုန်းကြီးတွေဟာ ဘုန်းကြီးကိစ္စ ဘုန်းကြီးလုပ်ပါလားဟု ပြောကြားပါကြောင်း။ အားလုံးဟာ ဘုန်းကြီးတွေရဲ့ ကိစ္စသာ ဖြစ်ပါကြောင်း။ ဘုန်းကြီးများဟာ ဒကာ/မများ၏ လှူဒါန်းသည့် ပစ္စည်းလေးပါးကို ရရှိထားသည့် အတွက် ဒကာ/မများ၏ အရေး၊ တိုင်းပြည်ရဲ့အရေးဟာလည်း ဘုန်းကြီးတွေရဲ့အရေးသာဖြစ်ပါ ကြောင်း။ ဘုန်းကြီးအလုပ် ဘုန်းကြီး လုပ်ဆိုပါက သပိတ်တစ်လုံး သင်္ကန်းတစ်စုံဖြင့် သစ်ပင်အောက် သွားပြီး တရားအားထုတ်ရမှာဖြစ်ကြောင်း။ ဒကာ/မများဖြင့် ရပ်ကွက်အတွင်း နေထိုင်ပြီး ဒကာ/မများ လှူဒါန်းသည်ကို စားနေမည်ဆိုပါက ဒကာ/မတွေရဲ့အရေး တိုင်းပြည်ရဲ့အရေးကို လိုက်ပြီး ဆောင်ရွက် ပေးရမှာဖြစ်ပါကြောင်း။ ဘော်ဆိုင်းမှာ ဖြစ်နေတဲ့ကိစ္စကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့၊ ပညာရှင်များ ဒေသခံများနှင့် ပူးပေါင်းပြီး တိုင်တိုင်ပင်ပင်ဖြင့် သဟာဇာတမျှတစွာဖြင့် တိုင်းပြည်အကျိုးရှေးရှုပြီး လုပ်ကိုင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။ ယနေ့အချိန်အခါတွင် တောင်းဆိုရခြင်းဖြစ်ပါ ကြောင်း။ ကြေးနီတောင်ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာမည်ကို မလိုလားသည့်အတွက် တောင်းဆိုရခြင်းဖြစ် ကြောင်း။

(ဆ) ဒါကြောင့် နိုင်ငံတော်သမတကြီးနှင့်တကွ ပြည်နယ်အစိုးရအဖွဲ့အားလုံးကိုလည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါစေဟု မေတ္တာပို့သ အပ်ပါကြောင်း။ ကြေးနီတောင်စီမံကိန်းတွင် ဖြစ်ပွားခဲ့သည့်အကြောင်းအား နိုင်ငံတော်သမတကြီးမှ အလွန်တရာ စိတ်မကောင်းဖြစ်ရပါကြောင်းဟု ပြောကြားသည်ကို ကြားသိရပါကြောင်း။ အကြမ်းဖက် ဖြိုခွင်းမှုတွင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် ပြည်ထဲရေးဝန်ကြီးမှလည်း အလွန်တရာ စိတ်မ ကောင်း ဖြစ်ရပါကြောင်း။ ဖြစ်တာတော့ ဖြစ်ပြီးသွားပြီဖြစ်ကြောင်း။ နောင်အလားတူဖြစ်စဉ်မျိုး မဖြစ်ပွါး ရလေအောင် အသိ/အတတ်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ကြပါလို့ တစ်တိုင်းပြည်လုံးရှိ သံဃာ တော်များ၊ လူပရိတ်သတ်များအား သိရှိအောင် ဒီနေရာမှ တိုက်တွန်းလိုပါကြောင်း။ အားလုံး ကျန်းမာ ကြပါစေ။ ချမ်းသာကြပါစေ (လူပရိတ်သတ်များမှ သာဓု သုံးကြိမ်ခေါ်ဆို)

၎င်းနောက် စူဠာမုနိဘုရားရင်ပြင်တော် အရှေ့ဘက်မုဒ်ဦးတွင်ပင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ နေမျိုး မှ ပြေကြားသည် အောက်ပါအတိုင်း ဖြစ်ပါတယ်။

ယခုကဲ့သို့ သံဃာများ ဒုက္ခရောက်နေသည့်အချိန်တွင် ရဟန်းသံဃာများအား ပစ်မထားကြရန် လိုအပ် ပါကြောင်း။ အခြေအနေအရ လိုအပ်သည့်အခါတွင်လည်း ရှမ်းပြည်ဟာလည်း ကိုယ်စားလှယ်လွှတ်ပြီး လက်ပံတောင်းတောင်သို့ သွားရောက်ပြီးဖြစ်ကြောင်း။ ယခုအပတ်တွင်ပဲ မိမိတို့အဖွဲ့ထဲမှ တစ်ယောက် ကလည်း မန္တလေးဆေးရုံတွင် တက်ရောက်နေသည့် သံဃာများ၏ စားဖို့သောက်ဖို့နှင့် ဆေးဖိုးဝါးခများ အား လှူဒါန်းခဲ့သည်မှာ (၆) သိန်းဖိုးရှိပြီဖြစ်ကြောင်း

ရှမ်းပြည်နယ် ၈၈ မျိုးဆက်အဖွဲ့၏ သဘောထား ထုတ်ပြန်ချက်မှာ

(၁) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိခြင်း၊ ပတ်ဝန်းကျင် ကျေးရွာသူများ၏ လူမှုဘ၀ ပတ်ဝန်းကျင် ထိခိုက်မှုရှိခြင်း ၊ ပွင့်လင်းမြင်သာမှု မရှိခြင်း။ ထို့ကြောင့် ကန့်ကွက်ဆန္ဒပြနေသော ရဟန်းရှင်လူ ကျောင်းသားအားလုံးကို မိမိတို့ ၈၈ မျိုးဆက်ကျောင်းသားများ (ရှမ်းပြည်နယ်)မှ အကြွင်းမဲ့ထောက်ခံပါသည်။

(၂) မြန်မာနိုင်ငံ၏ အစိုးရပြောင်းလဲမှုသည် စနစ်တစ်ခုမှ တစ်ခုသို့ အသွင်းကူးပြောင်းခြင်းဖြစ်ပြီး ပုံမှန် အစိုးရ ပြောင်းလဲခြင်းမဟုတ်သည့်အတွက် ယခင်အစိုးရက အောက်ကြေးဖြင့် လက်ခံခဲ့သော မည်သည့်ကုမ္ပဏီလုပ်ငန်းကိုမှ အသိအမှတ်မပြုပါ။

(၃) ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် (၃) နာရီအချိန်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော ရဟန်းသံဃာများနှင့် ပြည်ာသူလူထုကျောင်းသားများကို ရက်ရက်စတ်စတ် အကြမ်းဖက်နှိမ်နှင်းခဲ့ခြင်း။ မီးလောင်ဗုံးများနှင့် တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချသည်။

ရှမ်းပြည်နယ် (၈၈) မျိုးဆက်ကျောင်းသားများ၏ တောင်းဆိုချက်များမှာ

(၁) အကြမ်းဖက်နှိမ်နှင်းရာတွင် ပါဝင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်အရေးယူရန်။
(၂) လွတ်လပ်သော စုံစမ်းရေးကော်မရှင်ကို အသိပညာရှင် အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းခွင့်ပြုရန်။
(၃) တာဝန်ရှိသူများမှ ဒဏ်ရာရ ရဟန်းသံဃာများကို ၀န်ချတောင်းပန်ရန်။
(၄) ဒဏ်ရာရ ရဟန်းပြည်သူ ကျောင်းသားများအား ပျောက်ကင်းသည်အထိ တာဝန်ယူကုသပေးရန်။
စသည်တို့ဖြစ်ပါတယ်။

No comments:

Post a Comment