မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အမေရိကန်
သမ္မတ
ဘာရတ်အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ
တက္ကသိုလ်ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့်
ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Institute of
International Education (IIE) မှ ၂၀၁၂ ခုနှစ် နိုဝင် ဘာလအတွင်း
ယင်းဝက်ဆိုက်၌သတင်း ထုတ်ပြန် ဖော်ပြ ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမေရိကန်နိုင်ငံအခြေစိုက် ထင်ရှားသည့် တက္ကသိုလ်များဖြစ်သော မက်ဆာချူးဆက်တက္ကသိုလ်၊ ဆမ်ဖို့ဒ်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီ ပစိဖိတ် တက္ကသိုလ်၊ ဘောလ် တက္ကသိုလ်၊မြောက်အီလီနွိုက် တက္ကသိုလ်၊ မြောက်အရီဇိုးနားတက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ် များမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီး မည်သည့် တက္ကသိုလ် များနှင့် မည်သို့ပူးပေါင်းဆောင်ရွက် သွားမည်ကို ဖေဖော်ဝါရီလ အတွင်း ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် သိရှိရဖွယ်ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း IIE ဥက္ကဋ္ဌ Allan သည် အမေရိကန် တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာတက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် ၄င်းတို့၏ ပညာရေး ဦးစားပေးလုပ်ဆောင်မည့် အချက်များအား ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း IIE ၀က်ဆိုက်ဘ်တွင်
ဖော်ပြထားချက်အရလည်း သိရှိရပါသည်။
လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်တို့ ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်၌ မဟာဘွဲ့လွန်တန်း၊ ဘွဲ့ကြိုသင်တန်းများအား ဖွင့်လှစ်နိုင်ရန် ပူးပေါင်းမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံအတွင်း မြန်မာနိုင်ငံမှကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား ဆည်းပူးနေသူ ၇၉၆ ဦး ရှိကြောင်း IIE ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
Eleven Media Group

No comments:
Post a Comment