Monday 12 November 2012

စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့


နိုဝင်ဘာ - ၁၁


ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ် ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။


ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေ အချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော် များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်းတို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁)ခုမြေခခြင်း ၊ ဇောတိကရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြို ကျခြင်း တို့ဖြစ်ပေါ်ခဲ့သည်။


ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။


ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာ ရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်း မှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြို ကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေ ခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။


ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန် ဖူးေ တာ် မြေ ခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။


ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
 
ref:နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment