Monday 29 October 2012

အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်ကာကွယ် သွားမည်ဟု အမေရိကန်ကြေညာ

 အာရှဒေသတွင်အမေရိကန်ရေတပ်ချထားခြင်းမှာပင်လယ်ရေကြောင်းလွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ် ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington ၏ တပ်မှူးက အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အာရှဒေသတွင်း ဖြစ်ပေါ်နေသော ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် အမေရိကန်သည် ဘက်လိုက် ပါဝင်မည် မဟုတ်သော်လည်း ရေလမ်းကြောင်းများ လွတ်လပ်စွာ သွားလာခွင့်အတွက်မူ တိတိကျကျ ရပ်တည်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ယင်းသင်္ဘောရောက်ရှိစဉ် ရေတပ်ဗိုလ်မှူးကြီး ဂရီဂိုရီဖန်တွန်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်မှုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကျွန်းစုပြဿနာနှင့် မပတ်သက်ကြောင်း ပြောကြားခဲ့သည်။

ယင်းလေယာဉ်တင်သင်္ဘောကို ဂျပန်တွင် အခြေစိုက်တပ်စွဲထားကြောင်း သိရသည်။ ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် ပါဝင်သောနိုင်ငံများအနေဖြင့် သံတမန်နည်း လမ်းဖြင့် ဖြေရှင်းလိမ့်မည် ဟု မျော် လင့်ကြောင်း ဖန်တွန်က ဆိုသည်။

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်ရှိ Scar-borough သဲသောင်ခုံနှင့်ပတ်သက်ပြီး ဧပြီလ တွင် တင်းမာမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref:AFP,EMG

No comments:

Post a Comment