Monday 17 September 2012

iPhone 5 Nano SIM စနစ်အား ပြည်တွင်း၌ အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်မည်ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူများကဆို



ယခုတစ်ပတ်အတွင်း အသစ်ထွက်ရှိလာတော့မည်ဟု ကြေညာခဲ့သော iPhone5 အား စိတ်ဝင်စား သူများအတွက် အဆိုပါဖုန်းတွင် ပါဝင်သည့် Nano SIM စနစ်အား ပြည်တွင်းတွင် အသုံးပြုနိုင်စေ ရန် ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ ဝန်ဆောင်မှုပေးကာ ကြိုးပမ်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


အသစ် ထွက်ရှိလာတော့မည်ဖြစ်သော iPhone 5 တွင် ဖုန်းတွင်းပိုင်း နည်းပညာစနစ်များနှင့် ဖုန်းတွင်း အသုံးပြု Hardware စနစ်ပိုင်းများအား အဆင့်တိုးမြှင့်ပေးထားသည့်အပြင် ဖုန်း၏ အရွယ်အစား   ပြောင်းလဲသွားခြင်း အစရှိသော စနစ်များကြောင့် ပြည်တွင်းရှိ အသုံးပြုသူများ များစွာ စိတ်ဝင်စားလျက် ရှိသော်လည်း ယင်းတွင် ပြုလုပ်ထားသော SIM Card စနစ်မှာ Nano SIM စနစ် ဖြစ်နေသောကြောင့်   ပြည်တွင်းတွင် လက်ရှိ အသုံးပြုလျက်ရှိသော SIM Card များထက် ပိုမိုသေးငယ်ပြီး ပါးလွှာနေ သည့်အတွက် Nano SIM စနစ် ထည့်သွင်းအသုံးပြုခြင်းအား ပြည်တွင်းရှိ iPhone5 အသုံးပြုလိုသူများ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ယင်းနှင့်စပ်လျဉ်း၍ မိုဘိုင်းဖုန်း အရောင်းဆိုင်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာတွင် iMotion မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြရာ၌ “ခုအသစ်ထွက်လာမယ့် iPhone 5 မှာ SIM Card စနစ်က Nano SIM စနစ် ဖြစ်သွားတဲ့အတွက် ပြည်တွင်းက အသုံးပြုမယ့်သူတွေရော ကျွန်တော်တို့ လို   ဖုန်းရောင်းတဲ့သူတွေပါ ဒီစနစ်ကို ပြည်တွင်းမှာ အသုံးပြုလို့ရနိုင်မယ်၊ မရနိုင်ဘူးဆိုတာကို စိတ်ဝင် စားကြပါတယ်။ အသုံးပြုမယ့်သူတွေအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပေးသွားမှာပါ။ SIM Card ကို ဖြတ်တာကတော့ ဖြတ်လို့ရပါတယ်။ Nano ထိလည်း ဖြတ်လို့ရပါတယ်။ ဒါပေမယ့် Nano က ခုလက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ SIM Card တွေထက် ပိုပြီး ပါးလာခဲ့မယ်ဆိုရင်တော့ SIM Card ကို ပြန်ပါးရမှာ ဖြစ်တဲ့အတွက် အလုပ်တော့ နည်းနည်းပိုများလာနိုင်ပါတယ်။ ဒါ့အပြင် နောက်တစ်ချက်က SIM Card ကို ဖြတ်ပြီးသည့်တိုင်အောင် လက်ရှိ ကျွန်တော်တို့ရဲ့ Mini SIM တွေ Nano ဖြစ်လာ သည့်တိုင်အောင် ဖုန်းက ဒီ SIM Card ကို Support ပေးနိုင်မယ် မပေးနိုင်ဘူးဆိုတာ မသိရသေးပါဘူး။ ဒါကတော့ ဖုန်းကိုလည်း မမြင်ရသေးဘူး။ ပစ္စည်းကလည်း လက်ထဲမရောက်သေးတဲ့အတွက် ပစ္စည်းရောက်မှပဲ ကျွန်တော်တို့ စမ်းသပ်နိုင်မှာပါ။ သေချာတာတစ်ခုကတော့ ပြည်တွင်းမှာလည်း အသုံးပြုလို့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Nano SIM စနစ်ဟာ သိပ်ပြီး မထွန်းကားသေးတဲ့အတွက် အခြားနိုင်ငံတွေက SIM တွေကိုသာ ထောက်ပံ့မပေးနိုင်ဘူးဆိုရင် Apple ကလည်း အာရှနိုင်ငံတွေကို ရောင်းချမှာ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ခုတော့ စရောင်းမယ့်နေ့မှာပဲ အာရှနိုင်ငံသုံးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေကို တစ်ပြိုင်နက် ရောင်းချမှာပါ။   ပြည်တွင်းကို Apple Product တွေ အများဆုံး တင်သွင်းပေးနေတဲ့ စင်ကာပူနဲ့ ဟောင်ကောင်နိုင် ငံတွေမှာလည်း Nano SIM စနစ်ကို အသုံးမပြုကြသေးပါဘူး။ ဒါကြောင့် ဒီနိုင်ငံတွေ သုံးလို့ရရင် ကျွန်တော်တို့ပြည်တွင်းမှာလည်း သုံးနိုင်မှာပါ။ ပြည်တွင်းမှာ ရောင်းချပေးဖို့အတွက် ပစ္စည်းလည်း မှာထားပါတယ်” ဟု ပြောပြခဲ့သည်။

ထို့ပြင် အခြား မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုဖြစ်သော SSS မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိ သူက ပြောပြရာတွင်လည်း “Nano SIM အတွက် သိပ်ပြီး စိတ်ပူစရာတော့ မရှိနိုင်ပါဘူး။ Nano SIM အတွက် SIM Cutter တွေလည်း ရှိပါတယ်။ ပြည်တွင်းကို တင်သွင်းရောင်းချပေးတဲ့သူတွေကလည်း Sim Card ဖြတ်ရမယ်ဆိုရင် SIM Card Cutter တွေကိုပါ တစ်ခါတည်း တင်သွင်းပေးကြပါတယ်။ ဒါကြောင့် အဆင်ပြေနိုင်မှာပါ။ ပစ္စည်းက မရောက်သေးတော့ တိတိကျကျ ပြောနိုင်ဖို့ မလွယ်သေးလို့ပါ။ ပစ္စည်းရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့ စမ်းသပ်နိုင်ပါပြီ။ သိပ်တော့ အခက်အခဲ မရှိနိုင်ပါဘူး” ဟု ပြောပြခဲ့သည်။ ထို့ပြင် Apple Product များ ရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းအရောင်းဆိုင်များမှလည်း မိမိတို့ တင်သွင်းရောင်းချပေးမည်ဖြစ်သော iPhone5 များအတွက် ပြည်တွင်းရှိ အသုံးပြုသူများ အဆင်ပြေပြေ အသုံးပြုနိုင်စေရန်အတွက် ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ iPhone အသုံးပြုသူများမှ ပြောပြရာတွင်လည်း ယခင်အချိန်က ပြည်တွင်းရှိ မိုဘိုင်းဖုန်း SIM Card ဈေးနှုန်းမှာ မြင့်မားသည့်အပြင် ပျက်စီးပျောက်ဆုံး ပြန်လည်လျှောက်ထားပါကလည်း ကုန်ကျစရိတ် များပြားခြင်းကြောင့် ကတ်ဖြတ်ခြင်း၊ ကတ်ချိုးခြင်းများအား အလွယ်တကူ မပြုလုပ်လိုကြသော်လည်း ယခုလက်ရှိအချိန်တွင် SIM Card အသစ်ဝယ်ယူခြင်းနှင့် ကတ်ပျက်စီးပျောက်ဆုံး ပြန်လည်လျှောက် ထားခြင်းများမှာ အဆင်ပြေလာခဲ့သည့်အပြင် ကုန်ကျစရိတ် သက်သာလာခြင်းကြောင့် ကတ်ချိုးခြင်း၊ ကတ်ဖြတ်ခြင်းများအား ပြုလုပ်ရန် ဆန္ဒရှိကြကြောင်း သိရသည်။ ပြည်တွင်းတွင် လက်ရှိ အသုံးပြု လျက်ရှိသော SIM Card များမှာ Mini SIM စနစ်ဖြစ်ပြီး iPhone 4S တွင် အသုံးပြုခဲ့သော Micro SIM စနစ်နှင့် Nano SIM စနစ်များအား ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချပေးရန်အတွက် မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။


No comments:

Post a Comment