Monday 17 September 2012

နိုင်ငံပေါင်း ၂ဝဝ ကျော်မှ တရားဝင် ငွေလွှဲ နိုင်တော့မည်


ဥရောပတိုက်မှ နိုင်ငံများ အပါအဝင် နိုင်ငံ ၂ဝဝ ကျော်မှ မြန်မာနိုင်ငံ သို့ တိုက်ရိုက် ငွေလွှဲနိုင်တော့ မည် ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ် လီမိတက်မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်း ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ တိုက်ရိုက်ငွေလွှဲနိုင်မှု အတွက် နှစ်ပေါင်း ၁၆၁ နှစ် သက်တမ်းရှိ Western Union နှင့်   မြန်မာနိုင်ငံရှိ မြန်မာ အရှေ့တိုင်းဘဏ် လီမိတက်(MOB) တို့မှ ငွေလွှဲ ငွေပို့ ဝန်ဆောင်မှု(Money Transfer Service) ကို ယခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ ပထမပတ်အတွင်း စတင် ဝန်ဆောင်မှု ပေးတော့မည် ဖြစ်သည်။

ထို ငွေလွှဲမှုစနစ်သည် Western Union ဝန်ဆောင်မှုများမှ တစ်ခုဖြစ်ပြီး MOB ဘဏ်နှင့် Western Union တို့မှ ပထမဆုံးအနေဖြင့် Inbound (အဝင်) ဝန်ဆောင်မှု စတင်ပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ငွေပို့သည့် Outbound (အထွက်)စနစ်ကိုမူ စတင် ဆောင်ရွက်ချိန်တွင် ဝန်ဆောင်မှု ပေးနိုင်မည် မဟုတ်သေးကြောင်း၊ ထို့အပြင် နိုင်ငံခြား (ပြည်ပ)မှ ပေးပို့သည့် ငွေလွှဲမှုအပေါ် ပြည်တွင်းမှ လက်ခံသူ အနေဖြင့် “ဝန်ဆောင် ခပေးရန် မလိုကြောင်း” ၊ ပြည်ပမှ ပေးပို့သူကသာလျှင် Western Union တွင် ငွေလွှဲခ ပေးရမည်   ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ် လီမိတက်မှ လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်ဖြိုးသူထွေး က ဆိုသည်။

လွှဲပြောင်းပေးပို့သည့် ငွေ၏ သန့်စင်မှု အခြေအနေ(ငွေဖြူ၊ ငွေမည်း) စစ်ဆေးမှုကိုမူ သက်ဆိုင်ရာ တိုင်းပြည် အစိုးရမှ ချမှတ်ထားသည့် AML (Anti Money Laundary) ဥပဒေများနှင့် စိစစ်မည် ဖြစ်ကြောင်း သိရသည်။

MOB အနေဖြင့် ထိုသို့သော ငွေပို့ငွေလွှဲ ဝန်ဆောင်မှုကို Western Union နှင့် ချိတ်ဆက်ရခြင်း ရည်ရွယ်ချက် အား မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းခဲ့ရာ Western Union က အရမ်းလျင်မြန်တယ်၊ အရမ်းစိတ်ချ ရတယ်၊ ဝန်ဆောင်မှု ရယူသူအတွက် အရမ်းကို ကွန်ဗီးနီးရန့် ဖြစ်တယ်။ နိုင်ငံခြား ကနေ ငွေလွှဲရာမှာ တရားဝင် လွှဲနိုင်လို့ ပိုမိုစိတ်ချ ရပါတယ်”ဟု MOB ဘဏ်မှ အဆိုပါ လက်ထောက် အထွေထွေ မန်နေဂျာက ပြောသည်။

လတ်တလော ကာလတွင် ငွေပို့လိုက်သည့် တိုင်းပြည်မှ နိုင်ငံသုံးငွေကြေး (Currency)အား မြန်မာနိုင်ငံသုံး ကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်မည် ဖြစ်သော်လည်း နောက်ပိုင်း ကာလများတွင် မိမိ အလိုရှိသည့် နိုင်ငံသုံး   ငွေကြေးများကိုပါ ထုတ်ယူ လာနိုင်မည် ဖြစ်ကြောင်း၊ ပြည်ပမှ ငွေလွှဲပို့ရာတွင်လည်း မြန်မာနိုင်ငံနှင့် စံတော်ချိန် ကွာခြားမှု နည်းပါး သည့် နိုင်ငံများ အတွက် မိနစ်ပိုင်းအတွင်း ငွေထုတ်ယူနိုင်မည်   ဖြစ်သော်လည်း စံတော်ချိန် သိသာစွာ ကွဲပြားသည့် နိုင်ငံများ မှ ငွေလွှဲပို့ပါက သက်ဆိုင်ရာ ဘဏ်ပိတ်ချိန်များ အပေါ်မူတည်ကာ အချိန်ကာလ တစ်ခုအထိ စောင့်ဆိုင်း ရနိုင်ကြောင်း MOB ဘဏ်မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်းက ပြောသည်။

ထိုသို့ ငွေလွှဲပို့ခြင်းအား မြန်မာတစ်နိုင်ငံလုံးရှိ MOB ဘဏ်အားလုံးတွင် အဆိုပါ ဝန်ဆောင်မှု ရယူနိုင်ကြောင်း သိရသည်။

No comments:

Post a Comment