Monday 17 September 2012

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် ဥရောပကော်မရှင် အဆိုပြု

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေးကူညီသည့်အနေဖြင့် ဥရောပကော်မရှင် သည် မြန်မာနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်ရေး ဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် အဆိုပြုခဲ့ကြောင်း သိရသည်။

ယနေ့ထုတ်ပြန်သော ဥရောပကော်မရှင်၏ ကြေညာချက်တွင် ယင်းကုန်သွယ်ရေးဦးစားပေးမှုများ မြန်မာနိုင်ငံအပေါ် ပြန်လည် သတ်မှတ်ပေးရန် အဆိုပြုထားခြင်း ဖြစ်သည်။ 
 
အဆိုပြုချက်အရ မြန်မာနိုင်ငံသည် ၎င်း၏ ထုတ်ကုန်ပစ္စည်းများအားလုံးတွင် လက်နက်နှင့် ခဲယမ်း မီးကျောက်များမှလွဲ၍ ကျန်ကုန်ပစ္စည်းများကို ဥရောပဈေးကွက်သို့ အကောက်ခွန်လွတ်၊ ကန့်သတ် ချက်လွတ် ချိတ်ဆက်တင်ပို့ခွင့်ရစေမည်ဖြစ်သည်။ ဥရောပသမဂ္ဂ၏ ကုန်သွယ် ရေးကော်မရှင်နာ ကာရယ်ဒီဂတ်က “မြန်မာဟာ ဒီနှစ် အစောပိုင်းကစလို့ ပွင့်လင်းလာကတည်းက ဒီလိုမျိုးနက်ရှိုင်းပြီး အရေးပါတဲ့ တကယ့်စီးပွားရေးအရ ထောက်ပံ့မှုအပြောင်းအလဲတွေ လုပ်ပေးဖို့လိုအပ်နေတယ်ဆိုတာ ကျွန်တော်မြင်ခဲ့ပါတယ်။ ကုန်သွယ်ရေးဟာ နိုင်ငံရေးတည်ငြိမ်မှုကို ထောက်ပံ့ပေးဖို့ အခြေခံအချက်ဖြစ်ပြီး အီးယူရဲ့ကုန်သွယ်ရေးဦးစားပေးမှုတွေက၊ ဆိုလိုတာက ကျွန်တော်တို့ဟာ ဒီပြုပြင်ပြောင်းလဲရေး အားသန်နေတဲ့နိုင်ငံကို ကမ္ဘာ့အကြီးဆုံးဈေးကွက် (ဥရောပဈေးကွက်)ကြီးနဲ့ ဦးစားပေး ချိတ်ဆက် ခွင့်ပေးသွားမယ်ဆိုတာပါ”ဟုပြောသည်။

ထို့အပြင် ဥရောပသည် မြန်မာနိုင်ငံ၏ တိုးတက်မှုကို တွန်းအားပေးရန် နေရာပေါင်းစုံ၌ ဆက်လက်ထိတွေ့ ဆောင်ရွက်သွားမည်ဟု ၄င်းကပြောသည်။ ဥရောပ ကော်မရှင်၏ ယခု အဆိုပြုချက်အရ မြန်မာနိုင်ငံသည် “လက်နက်မှလွဲ၍အရာအားလုံး” ဟုခေါ်သော ကုန်သွယ်ရေးဦးစားပေးအဆင့်ကို ပြန်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင်ရှိခဲ့သော ထိုအဆင့်မှ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာအဓမ္မလုပ်အားပေးစေခိုင်းမှု ဆိုင်ရာ သဘောတူညီချက်များ ချိုးဖောက်မှုကြောင့် ပယ်ဖျက်ခံခဲ့ရသည်။

သို့သော် ပြီးခဲ့သည့်ဇွန်လက နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံတွင် အဓမ္မလုပ် အားပေးစေခိုင်းမှုများပပျောက်ရေး၌ ထူးခြားသည့်တိုးတက်မှု ရခဲ့ကြောင်း သုံးသပ်ခဲ့ရာ အီးယူ အတွက် မြန်မာနိုင်ငံကို ပိတ်ဆို့မှုများ ဖြေလျှော့ရန် အခြေခံအကြောင်းဖြစ်လာသည်။ ယနေ့ ဥရော ပကော်မရှင်က တင်သွင်းခဲ့သော ကုန်သွယ်ရေးဦးစားပေးအဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပပါလီမန်သို့ ပေးပို့ကာ အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥရောပသမဂ္ဂသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၁၁ ခုနှစ်တွင် ယူရို ၁၆၉ သန်းသာရှိခဲ့ရာ ယင်းမှာ နိုင်ငံ၏ ပြည်ပပို့ကုန်စုစုပေါင်း ၃ ရာခိုင်နှုန်းနှင့် အီးယူ၏ သွင်းကုန် စုစုပေါင်းမှ ၀ ဒသမ ၀၁ ရာခိုင်နှုန်း အချိုးအစားသာရှိခဲ့သည်။
 
ref:7daynews

No comments:

Post a Comment