Monday 17 September 2012

ကချင်ပြည်နယ် အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲရေး လက်မှတ်ထိုး တောင်းဆို

ချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ ကချင်ပြည်နယ် အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန် အတွက် ဒီကနေ့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း ၃နာရီခွဲလောက်က ဖားကန့်မြို့မြို့မရပ်ကွက် မဏိဇေယျုံ ဘုန်းကြီးကျောင်းမှာ ဖားကန့်ဒေသက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သင်းအုပ်ဆရာတွေ၊ ၈၈မျိုးဆက်
ကျောင်းသားတွေ၊မြို့မိ မြို့ဖတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး အခုလို လက်မှတ်ရေးထိုးတောင်းဆိုလိုက် တာပါ။

ကချင်ပြည်နယ်လူထုရဲ့ ငြိမ်းချမ်းရေးမေတ္တာရပ်ခံစာကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖတ်ကြားပြီးတော့ တက်ရောက်လာတဲ့ ပြည်သူတွေရဲ့တခဲနက်ထောက်ခံမှုနဲ့ အခုလို အတည်ပြုလိုက်တာပါ။

စုပေါင်းလက်မှတ်ရေးထိုးထားတဲ့စာကို သမ္မတ ဦးသိန်းစိန် ၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ကချင်ပြည် နယ်အစိုးရအဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO) တို့ကိုလည်း ပေးပို့လိုက်တယ်လို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားတွေဟာ ဒီကနေ့ ရဝမ်ကုန်း၊ မမုံ၊ ဆိပ်မူ (ဆိုင်းတောင်) စတဲ့ ဖားကန့်မြို့နယ် အတွင်းက ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့တွေ့ဆုံ လှူဒါန်းခဲ့ပြီး မနက်ဖြန်မှာတော့ မိုးကောင်းခရီးစဉ်ကို စတင်မယ်လို့ သတင်းရရှိပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ ဖားကန့်ဒေသကို ရောက်ရှိနေစဉ် (၂) ရက်တာ အတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment