Tuesday 18 September 2012

“အခုလိုထုတ်ဖော်ကြေညာပြီး ဆုလက်ခံရယူနိုင်တဲ့အတွက် လူသားတစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”

လွတ်လပ်စွာရေးသားပြောဆိုခွင့် (Freedom Of Expression)နှင့်ပတ်သက်ပြီးတက်ကြွစွာ လှုပ်ရှား ခဲ့ကြသည့် ကမ္ဘာတစ်လွှားမှ စာရေးဆရာ၊ အယ်ဒီတာ၊ ဂျာနယ်လစ်အား လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့ (Human Rights Watch) မှ ဦးဆောင်ပြီး နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett Grants ဆုအား မြန်မာနိုင်ငံမှ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒုတိယအကြိမ်အဖြစ် ကိုဇော်သက်ထွေးမှ ရရှိခဲ့ကြောင်း HRW မှ အကြောင်းကြားလာခဲ့ရာ အဆိုပါဆုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့သည် များအား ပြန်လည်တင်ပြအပ်ပါသည်။

မေး - အမေရိကန်နိုင်ငံ နယူးယောက်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ Hellman-Hammett ဆုကို မြန်မာမာနိုင်ငံက ဆရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး ဒီဆုအကြောင်းကို ရှင်းပြပေးပါဦးဆရာ။
ဖြေ - ဒီဆုကို နယူးယောက်မှာ အခြေစိုက်တဲ့ HRW အဖွဲ့က ရွေးချယ်ပြီးပေးတာပါ။ ဒီဆုကို ၁၉၈၉ ခုနှစ်မှာ စတင်ပြီးပေးခဲ့တာဖြစ်ပြီး ဆုငွေတွေ မတည်ပေးခဲ့သူကတော့ အမေရိကန်ပြဇာတ်ရေး ဆရာမကြီး Lillian Hellman က မတည်ပေးတာပါ။ ကမ္ဘာနေရာ အနှံ့အပြားက စာရေးသားပြီး အများအကျိုးဆောင်ရွက်ရင်း ဒုက္ခ ရောက်နေတဲ့ စာရေးဆရာတွေ၊ အယ်ဒီတာတွေ၊ ဂျာနယ်လစ်တွေ၊ စာရေးသားခြင်းနဲ့ အသက်မွေး ၀မ်း ကျောင်းပြုနေသူတွေကို ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အစဉ်တစိုက် လှုပ်ရှားခဲ့ သူတွေကို ပေးအပ်တာလည်းဖြစ်ပါတယ်။

မေး - မြန်မာနိုင်ငံက ဘယ်သူတွေများ ဒီဆုကိုရခဲဖူးတာရှိပါသေးလဲဆရာ။

ဖြေ - မြန်မာနိုင်ငံမှာ ဒီဆုကို ၁၉၉၂ ခုနှစ်က ထောင်ကျသွားတဲ့ ကိုဇာဂနာရဖူးပါတယ်။ နှစ် ၂၀ အကြာမှာ ဒုတိယမြောက် မြန်မာနိုင်ငံသားအနေနဲ့ ကျွန်တော်ရရှိတာဖြစ်ပါတယ်။

မေး - ဒီဆုပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လွတ်လပ်စွာရေးသားပြောဆိုခွင့် (Freedom of Ex pression) ကို ကာကွယ်စောင့်ရှောက်ပြီး ဂျာနယ်လစ်၊ အယ်ဒီတာ၊ စာရေးဆရာတွေရဲ့အရေးကို အမြဲတမ်းအ စဉ်တစိုက် လုပ်ခဲ့တဲ့သူတွေကို ပေးအပ်တာလို့သိရပါတယ်။ ဆရာ့အနေနဲ့ ဘယ်အကြောင်း အရာတွေကြောင့် ဒီဆုကိုရရှိခဲ့တယ်လို ယုံကြည်ပါသလဲ။

ဖြေ - ကျွန်တော်အနေနဲ့ ၂၀၀၀ ပြည့်နှစ်မှာ စာရေးသားခြင်းအလုပ်ကို First Eleven အားကစားဂျာနယ် အယ်ဒီတာချုပ် လုပ်ခဲ့စဉ်က အားကစားလောကရဲ့ လိုအပ်ချက်တွေကို ရေးသားခဲ့ပါတယ်။ အဲဒီလို   ရေးသားခဲ့တဲ့အတွက်လည်း စာဖတ်ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ First Eleven ဂျာနယ် ဟာလည်း အောင်မြင်ထင်ရှားခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ ၂၀၀၃ ခု ဇူလိုင်လ ၁၄ ရက်နေ့မှာ ထောက် လှမ်းရေးရဲ့ မတရားဖမ်းဆီးခြင်းခံရပြီးတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အဓိကတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို စာပေစိစစ်ရေးကို အာခံပြီး ရေးသားခဲ့လို့ ဒီလိုဖြစ်ခဲ့ရတယ်လို့ နားလည်သဘောပေါက်ပါတယ်။ ၂၀၀၅ ခုနှစ် ထောင်ကပြန်ထွက်လာပြီးတဲ့ နောက်မှာလည်း ဂျာနယ်တွေထူထောင်တယ်။ အယ်ဒီတာချုပ်လုပ်ရင်း Freedom Of Expression နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ခေတ်ရဲ့ပြောင်းလဲလာတဲ့ အခြေအနေအရ အင်တာနက် ဝက်ဘ်ဆိုက်တွေကနေ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ကမ္ဘာသိဖို့အတွက် ကြိုပမ်းတင်ပြခဲ့တာတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို နိုင်ငံတကာက သိရှိအောင် အင်တာနက်ကတစ်ဆင့် ဓာတ်ပုံနဲ့သတင်းတွေကို ပေးပို့ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ပြန်ထွက်လာတဲ့အခါ တိုင်းပြည်မှာ democratic transition ကလည်း ဖြစ်နေတယ်။ အဲဒီအချိန်မှာ Civil Society မှာရော စတုတ္ထမဏ္ဍိုင်မှာရော Institution တွေ အားကောင်းဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် မြန်မာစာနယ်ဇင်းသမဂ္ဂ ကိုလည်း ဦးဆောင်ဖွဲ့ စည်းခဲ့ပါတယ်။ Freedom of Expression ရရှိဖို့အတွက် ဂျာနယ်လစ်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေ ပါတယ်။ အဲဒီအကြောင်းတွေကို နိုင်ငံတကာက သတိထားမိပြီး ဒီဆုကိုပေးတယ်လို့ ယူဆပါတယ်။

မေး - ဆုရွေးချယ်ရေးအဖွဲ့က ဒီဆုကိုအများပြည်သူကို ကြေညာပြီးမှယူမလား၊ တိတ်တဆိတ် ယူမလားဆိုပြီး အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဆရာ ဒီဆုကို ဘယ်လိုလက်ခံ သွားမယ် ဆိုတာ ပြောပြပေးပါဦး။

ဖြေ - အရင်ခေတ် အခြေအနေဆိုရင် ဒီဆုကို လူသိရှင်ကြား ယူလို့ရတဲ့အခြေအနေမဟုတ်ပါဘူး။ တိတ်တဆိတ် ပဲယူရမယ့် ဆုမျိုးပါ။ ကိုဇာဂနာတို့တုန်းက တိတ်တဆိတ်ပဲ ယူခဲ့ရပါတယ်။ အခုတော့   ခေတ်ကပြောင်းလဲလာတယ်။ ကျွန်တော့်အနေနဲ့ ပတ်စ်ပို့မရှိတဲ့အတွက် နယူးယောက်ကိုသွားပြီး ဒီဆုကိုလက်ခံရယူနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ပြည်တွင်းကနေပဲ ဒီဆုကိုလက်ခံရယူသွားမယ်လို့ သူတို့ကိုအကြောင်းပြန်ကြားပြီး ဖြစ်ပါတယ်။ အများပြည်သူကို ထုတ်ဖော်ကြေညာဖို့တော့ သဘောတူထားပြီး ဖြစ်ပါတယ်။

မေး - HRW ကထုတ်ပြန်ထားချက်အရ ၁၉၈၉ ခုနှစ်ကတည်းက ပေးလာတဲ့ဒီဆုကို တိတ်တဆိတ်ပဲယူခဲ့ကြ သူတွေများတယ်လို့ သိရပါတယ်။ ဆရာ့အနေနဲ့ အများပြည်သူကို ကြေညာပြီး ဆုယူသူတစ်ယောက်   ဖြစ်တဲ့အတွက် ကျွန်တော်တို့လိုပဲ အဖိနှိပ်ခံ တိုင်းပြည်တွေက ပြည်သူတွေကို ကိုယ်စားပြု တိုက်ပွဲ ၀င်နေကြသူတွေကို ဒီဆုနဲ့ပတ်သက်ပြီး အားပေးစကားပြောကြားပေးပါဦး။

ဖြေ - ဟုတ်ပါတယ်။ ကျွန်တော်တို့ကလည်း ဖိနှိပ်တဲ့အချိန်မှာ လွတ်လပ်စွာရေးသားပြောဆိုခွင့် (Freedom of Expression)ကိုရဖို့ ကြိုးစာရုန်းကန်ခဲ့ရတဲ့အတွက် ဘာသာစကားတွေခြား၊ ယဉ်ကျေးမှုတွေခြားပေမယ့် အား လုံးဟာ အတူတူပါပဲ။ ဒီလိုမျိုး တိုင်းပြည်ရဲ့ ခေတ်ပြောင်း စနစ်ပြောင်းသွားလို့သာ ဒီလိုမျိုး လူသိ ရှင်ကြား ကြေညာနိုင်တာပါ။ ပြောင်းလဲမှုသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်ဟာလည်း စိုးရိမ်ထိတ် လန့်မှုကြားထဲမှာ ပိတ်မိနေပြီး တိတ်တဆိတ်နဲ့ လက်ခံရမယ့် လူစာရင်းမှာ ပါနေမှာပါ။ ဒါပေမယ့် အခုလိုထုတ်ဖော်ကြေညာပြီး ဒီဆုကိုလက်ခံ ရယူခွင့်ရခဲ့တဲ့အတွက် လူသားတစ်ယောက် အနေနဲ့ရော မြန်မာလူမျိုးတစ်ယောက် အနေနဲ့ရော ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်မိ ပါတယ်။ နောက်ပြီး တိတ်တဆိတ် လက်ခံရယူခဲ့ရတဲ့ ဂျာနယ်လစ်တွေ စာရေးဆရာတွေ အားလုံးအတွက် ကျွန်တော်ရဲ့ဆုကို ရည်ညွှန်းလိုပါတယ်။

မေး - ဆုရရှိပြီးသွာတဲ့နောက်မှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်အတွက် ဘာတွေလုပ်သွားဖို့ ရှိပါသေးလဲ ဆရာ။

ဖြေ - တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီဆုအတွက် ရွေးချယ်ခံရကြောင်း သိရတဲ့အချိန်မှာ ကျွန်တော်ဟာ   မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှာ ပါဝင်ခဲ့ပါတယ်။ အမြင်မတူတဲ့ လူတွေကြားထဲမှာ Commom Ground တစ်ခုကို တည်ဆောက်ပြီးတော့ မီဒီယာလောကရဲ့ အခွင့်အရေးတွေ၊ ကာကွယ်မှုတွေ၊ မီဒီယာလောကသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေ ရရှိဖို့အတွက် အများစုနဲ့ပူးပေါင်းဖို့ အရင်ထက် အခွင့်အရေး ပိုရလာတဲ့အတွက် ကြိုးစားလုပ်ဆောင်သွားပါမယ်။   နောက်ပြီး မြန်မာ စာနယ်ဇင်း  သမဂ္ဂနဲ့ ပူးပေါင်းပြီး Freedom of Expression အတွက် လုပ်ဆောင်သွားပါမယ်။

ကျေးဇူတင်ပါတယ် ဆရာ ။ ။

ref:EMG

No comments:

Post a Comment