Saturday 28 July 2012

အာဖဂန်တွင် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း ကာဇိုင်းဝန်ခံ၊ ခြစားမှုများကို ခြောက်လအတွင်း ရှင်းလင်းမည်ဟု ဆို

အာဖဂန်နစ္စတန် အစိုးရအဖွဲ့တွင်း၌ အကျင့်ပျက် ခြစားမှုများ ရှိနေသည်ကို ၀န်ခံပါကြောင်း၊ ခြစားမှုများနှင့် ပတ်သက်သူများကို ရာထူး ကြီး ငယ်မရွေး ဖော်ထုတ်အရေးယူဖို့ အမြန်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက ပြောကြားလိုက်သည်။

အာဖဂန်အတွက် အလှူရှင်နိုင်ငံများက ဒေါ်လာ ၁၆ ဘီလီယံ ကူညီမည်ဖြစ်ကြောင်းကတိပြုခဲ့သော်လည်း   အာဖဂန် သမ္မတအနေဖြင့် အစိုးရအဖွဲ့တွင်း ဖြစ်ပွားလျက်ရှိသော အကျင့်ပျက် ခြစားမှုများကို ရှင်းလင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အလှူရှင်များ ယုံကြည်စိတ်ချနိုင်သော အနေအထားမျိုး ရှိနေအောင် ကြိုးပမ်းဖို့လိုကြောင်းဖြင့် အလှူရှင်နိုင်ငံများက သတိပေး ပြောကြားထားသည်။ ၂၀၁၄ တွင် နိုင်ငံတကာတပ်များ အာဖဂန်နိုင်ငံတွင်းမှ အပြီး ထွက်ခွာကြတော့မည်ဖြစ်ရာ ထိုအချိန်အမီ အာဖဂန်နိုင်ငံကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမည် ဖြစ်သည်။ 

`ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အဓိက အောင်မြင်မှုကြီးတွေ ရခဲ့တာ မှန်ပေမယ့်၊ အုပ်ချုပ်မှုပိုင်းတွေမှာ

 ပြဿနာတွေ အများကြီး ရှိနေသေးတာလည်း အမှန်ပါ၊ အကျင့်ပျက်ခြစားမှုတွေ ရှိနေသေးတာလည်း အမှန်ပါ၊ တရားဥပဒေ စိုးမိုးရေး အားဖြည့်ပေးရမယ့် အပိုင်းတွေမှာလည်း လိုကွက် ဟာကွက်တွေ အများကြီး ရှိနေပါသေးတယ်၊ စီးပွားရေးအရ အမှီအခိုကင်းတဲ့ အနေအထားမျိုးရောက်အောင်လည်း ကြိုးပမ်းကြရပါဦးမယ်´ ဟု သမ္မတ ကာဇိုင်းက ပြောကြားသွားသည်။ 

အုပ်ချုပ်ရေးပိုင်းတွင် ခြစားနေသည်များ၊ မြေယာ ဥပဒေမဲ့ သိမ်းပိုက်မှုများကိုလည်း ခြောက်လအတွင်း အပြီးရှင်းလင်းဖော်ထုတ်သွားဖို့ တရားရုံးချုပ်ကို သမ္မတက တိုက်တွန်းလိုက်သည်။ အစိုးရအဖွဲ့ဝင်များ

အနေဖြင့်လည်း ဥပဒေမဲ့ လုပ်ရပ်များကို အားပေးအားမြှောက်ပြုခြင်း၊ အကျင့်ပျက် အစိုးရ ၀န်ထမ်းများနှင့် ပူးပေါင်းခြင်းများ မပြုကြရန်လည်း သမ္မတက သတိပေး ပြောကြားလိုက်ကြောင်း သိရသည်။ 

အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံ မဟာမိတ်တပ်ဖွဲ့များ အာဖဂန်နိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့သည်မှာ ဆယ်နှစ်ကျော်လာပြီဖြစ်သည်။ ထိုဆယ်နှစ်ကျော်အတွင်း အာဖဂန်နိုင်ငံတွင်းသို့ အကူအညီငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာ စီးဝင်ခဲ့သော်လည်း အကျင့်ပျက် ခြစားမှုများကြောင့် ထိရောက်သင့်သလောက် မထိရောက်ဖြစ်နေရကြောင်းလည်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာတွင် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံစာရင်းလည်း ၀င်လျက်ရှိသည်။ 


ref:messenger

No comments:

Post a Comment