မိတ္ထီလာ မြို့နယ် တောမကျေးရွာ အုပ်စု မကျီးပင်ပု ကျေးရွာ မှန်ကျောင်း ဘုန်းတော်ကြီးကျောင်း အနီး မိုးနှံချုံ အတွင်းမှ ဇွန်၁၉ ရက်က ဒဏ်ရာဖြင့် လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မကျီးပင်ပု ကျေးရွာနေ ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးအောင်မောင်း သည် ဇွန် ၁၇ ရက် အစ်မဖြစ်သူ ဒေါ်လှလှဝင်း ထံမှ အရက်ဖိုး ငွေကျပ် ၁ဝဝဝ တောင်း၍ အရက်သောက် သွားရာ ပြန်မလာ၍ ရှာဖွေခဲ့စဉ် ဇွန် ၁၉ ရက်နံနက်က ဒဏ်ရာဖြင့် အလောင်းကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်လှလှဝင်း က မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ခဲ့သဖြင့် အမှတ် (၂)နယ်မြေ ရဲစခန်းက (ပ)၂၂ဝ/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ- ၃ဝ၂ဖြင့် အမှုဖွင့် အရေးယူ ခဲ့သည်။
အမှတ်(၂) နယ်မြေ ရဲစခန်းက မသင်္ကာသူများ ဖြစ်ကြသော မိတ္ထီလာ မြို့နယ် ကဖြူအုပ်စု၊ မင်းတဲကုန်း ကျေးရွာနေ ဇော်နိုင် နှင့် အောင်အောင် တို့ကို စုံစမ်း စစ်ဆေးခဲ့ရာ လူသတ်ပြီး ပြေးသူ ဇော်နိုင် ကို ဇွန် ၁၉ ရက်က ဖမ်းဆီးရမိပြီး အောင်အောင် မှာ ထွက်ပြေးလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် အောင်အောင် ကို ဖမ်းဆီး ရမိရေး အတွက် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စောနေလင်း ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင် များ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် လူသတ်ပြီး ထွက်ပြေးသူ အောင်အောင် ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဇွန် ၂ဝ ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။