Wednesday 13 January 2016

အခြေခံပညာကဏ္ဍ အတန်းအသီးသီးအလိုက် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲလျက်ရှိ

သူငယ်တန်း သင်ရိုးညွှန်းတမ်း စာအုပ်သစ်အား တွေ့ရစဉ်
အခြေခံ ပညာကဏ္ဍ အတန်းအသီးသီး အလိုက် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲလျက်ရှိကြောင်း ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ သိရသည်။
အခြေခံ ပညာအဆင့်၌ သူငယ်တန်း မပါ ၁၂ တန်း ပညာရေးစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လက်ရှိ ကျင့်သုံးလျက်ရှိသည့် အခြေခံ ပညာကဏ္ဍ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ဖြစ်သည့် မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်း ၂ နှစ်ဖြင့် (၅း၎း၂) စနစ်အစား အသက် ငါးနှစ်ပြည့်ပြီး ကလေးများအတွက် မူလတန်း အဆင့်ပညာရေး၏ အခြေခံ အတန်းအဖြစ် သတ်မှတ်သည့် သူငယ်တန်း ပညာရေး၊ ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်းအဆင့် ပညာရေး၊ ဆဋ္ဌမတန်းမှ န၀မတန်းအထိ အလယ်တန်းအဆင့် ပညာရေး၊ ဒသမတန်း၊ ဧက ဒသမတန်း၊ ဒွါဒသမတန်းတို့ ပါဝင်သည့် အထက်တန်းအဆင့် ပညာရေးဟူ၍ အခြေခံ ပညာကဏ္ဍ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံအား သူငယ်တန်းမပါ (၅း၎း၃) စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ရာ ယင်းကဲ့သို့ ပြောင်းလဲနိုင်ရေးအတွက် ခေတ်နှင့်လိုက်လျော ညီထွေဖြစ်စေသည့် သင်ရိုးညွှန်းတမ်း သစ်များကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။

"သင်ရိုးညွှန်းတမ်းတွေကို အသစ် ပြန်လည် ရေးဆွဲနေပါတယ်။ သူငယ်တန်းသင်ရိုး ညွှန်းတမ်းသစ်တွေကိုတော့ ရေးဆွဲပြီးပါပြီ။ အခုလာမယ့် ၂၀၁၆-၁၇ ပညာသင်နှစ်မှာ စပြီးသင်ကြားတော့မှာ ဖြစ်ပါတယ်။ ပထမတန်း သင်ရိုး ညွှန်းတမ်းသစ်တွေကိုလည်း မူကြမ်းအဆင့် ရေးဆွဲပြီး သွားပါပြီ။ အခြေခံ ပညာ အဆင့်အတန်း အသီးသီးအလိုက် သင်ရိုး ညွှန်းတမ်းသစ်တွေကိုလည်း ရေးဆွဲနေပါတယ်" ဟု ဘက်စုံ လွှမ်းခြုံသော ပညာရေး လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အာဆီယံ နိုင်ငံများ၏ အခြေခံ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံ (Basic Education Structure) များကို လေ့လာကြည့်ပါက ဘရူနိုင်း၊ ကမ္ဘောရီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများတွင် မူလတန်း ၆ နှစ်၊ အလယ်တန်း ၃ နှစ်၊ အထက်တန်း ၃ နှစ်ဖြင့် (၆း၃း၃) စနစ်ကို လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် မူလတန်း ၆ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်း ၂ နှစ်ဖြင့် (၆း၎း၂) စနစ်ကို လည်းကောင်း၊ ဗီယက်နမ်နှင့် လာအို နိုင်ငံတို့တွင် မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်း ၃ နှစ်ဖြင့် (၅း၎း၃) စနစ်ကို လည်းကောင်း အခြေခံ ပညာကဏ္ဍ၌ ၁၂ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေကြရာ မြန်မာနိုင်ငံ၏ အခြေခံ ပညာရေးစနစ်မှာ အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ကွာဟမှု ရှိနေခဲ့သည့်အတွက် အခြေခံ ပညာသင်နှစ်အား နိုင်ငံတကာ အဆင့်မီ ကျင့်သုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အခြေခံပညာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်အား ၁၂ တန်း ပညာစနစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းများကို ပထမဆုံးအကြိမ် ၁၉၉၇ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်တွင် ဒုတိယအကြိမ်အဖြစ် ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (CESR) ကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေး စနစ်နှင့် အာဆီယံနိုင်ငံများ၏ ပညာရေး စနစ်များအား နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Writer: အေးပပ
Eleven Media Group

No comments:

Post a Comment