Sunday 27 December 2015

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ကယားပြည်နယ်၌ အလွန် လှပပြီး ရှုမငြီးသည့် သဘာဝတရား များ မူလအတိုင်းတည်ရှိနေသည့် နေရာများစွာရှိနေပါသည်။ တောင်ကွဲ စေတီတော်၊ ကန်ခုနစ်ဆင့်၊ ထီးပွင့် ကန်စသည်အားဖြင့် လည်ပတ်ချင် စရာနေရာများစွာက ခရီးသွား ဧည့်သည်များကို စောင့်မျှော်နေခဲ့ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးဖြစ်ပါသည်။ သို့သော် ခရီး သွားဧည့်သည်များအနေဖြင့် လာ ရောက်မှုမှာ သိသာထင်ရှားပေါ်လွင် အောင် လာရောက်မှုမရှိခဲ့ပါ။ ထိုသို့မလာရောက်ခြင်းသည် လမ်း ပန်းဆက်သွယ်ရေးအခက်အခဲများ၊ နယ်မြေဒေသအခြေအနေများ၊ ခရီး သွားကဏ္ဍအခြေခံအဆောက်အအုံ များ အားနည်းချက်များကြောင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင် စားမှုကို မရနိုင်ခဲ့သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသစ် စတင်တာဝန်ယူချိန်မှ စ၍ခရီးသွားကဏ္ဍသည် သိသိ သာသာ တိုးတက်လာခဲ့ပါသည်။
ထို့အတူ ကယားပြည်နယ် အတွင်းသို့လည်း ခရီးသွားဧည့်သည် များ စတင်ဝင်ရောက်လာခဲ့ပါ သည်။

ယခုအခါ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ညွှန်ကြားမှု၊ ပြည်နယ်အစိုးရအဖွဲ့ ၏ကြီးကြပ်မှုတို့နှင့်အတူ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လွိုင်ကော်ရုံးတို့က ပြည်နယ်အတွင်း လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဟိုတယ် ဆိုင်ရာအထောက်အကူပြုသင်တန်း များကို ဖွင့်လှစ်ပေးလျက်ရှိ သည်။

ကယားပြည်နယ်သို့ လာရောက် ပါက လွိုင်ကော်မြို့နယ် ဒီးမော့ဆို နှင့် ဖရူဆိုမြို့ပေါ်တို့မှ လွဲ၍ ကျန်ဒေသများသို့ သွားရောက် လည်ပတ်လိုပါက ခွင့်ပြုချက် တောင်းခံရန်လိုအပ်ပါသည်။ နိုင်ငံ ခြားသား ခရီးသွားဧည့်သည် များသည် ကယားပြည်နယ်သို့ လာရောက်ကြရာတွင် အဓိကအား ဖြင့် ဟဲဟိုး-ပင်လောင်း-လွိုင်ကော် လမ်းကြောင်းနှင့် ညောင်ရွှေ-အင်းလေး-ဖယ်ခုံလှေဆိပ်မှ မော် တော်ကားဖြင့် လာရောက် လည်ပတ်ကြပါသည်။ ယခုအခါ ရန်ကုန်-လွိုင်ကော် တိုက်ရိုက်လေကြောင်းလမ်းဖြင့်လည်း လာရောက် နိုင်ကြပြီ ဖြစ်ပါသည်။ ယခင်က မြန်မာ့လေကြောင်းလိုင်း တစ်လိုင်း သာရှိရာမှ ပုဂ္ဂလိကပိုင် ကမ္ဘောဇ လေကြောင်းလိုင်းပါ တိုးတက်ပြေးဆွဲ လာခဲ့ပြီဖြစ်ပါသည်။

ခရီးသွား ကုမ္ပဏီများသည် ကယားပြည်နယ်ခရီးစဉ်ကို တိုက် ရိုက်ရောင်းချပေးမှု နည်းပါးပြီး ညောင်ရွှေ-အင်းလေး-လွိုင်ကော် ပုံစံဖြင့်သာ အများစုရောင်းချခဲ့ကြ ပါသည်။ ခရီးသွားဧည့်သည်များ ပြည်နယ်သို့လာရောက်ပါက အများစု မှာ တစ်ညအိပ်-နှစ်ရက် ခရီးစဉ်သာ လည်ပတ်ကြပါသည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည် တွင်းခရီးသွား ဧည့်သည်များ၏စိတ်ဝင်စားမှုပုံစံများမှာ ကွဲပြား ခြားနားလျက်ရှိပါသည်။ ပြည်တွင်း ခရီးသွားဧည့်သည်များမှာ တောင်ကွဲ စေတီတော်၊ သီရိမင်္ဂလာဈေး၊ ထီးစဲ့ ခါးရေတံခွန်၊ အောင်သပြေဂူ၊ ကန် ခုနစ်ဆင့်နှင့် ထီးပွင့်ကန်တော်တို့ကို ပိုမိုစိတ်ဝင်စားကြပါသည်။ ထိုနေရာ များသည် သွားရောက်လည်ပတ်ရန် လွယ်ကူမှုရှိပြီး အဆင်ပြေမှုများ ကြောင့် ပြည်တွင်းခရီးသွားဧည့်သည် များ အများစုသွားရောက်ကြပါ သည်။

နိုင်ငံခြားသားခရီးသွားအများစုသည် ကယားပြည်နယ်အတွင်းသို့ လာရောက် ကြသည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို လာရောက်လေ့လာခြင်းနှင့် သဘာဝ အခြေခံခရီးသွားလာရေးကို စိတ်ဝင် စား၍သာ အဓိကလာရောက်ကြခြင်း ဖြစ်ပါသည်။ အများစုမှာ တစ်ညအိပ်- နှစ်ရက်ခရီးစဉ်များသာ လာရောက် နေကြရာမှ ခရီးသွားကုမ္ပဏီများ၊ ဧည့် လမ်းညွှန်များနှင့်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့က ပေါင်းစပ် ညှိနှိုင်း၍ နှစ်ညအိပ်-သုံးရက်ခရီးစဉ် သို့မဟုတ် သုံးညအိပ်-လေးရက် ခရီးစဉ်လာရောက်လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည် အများစုသည် ကယားပြည်နယ် သို့ရောက်ရှိပါက ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ပန်ပက်ကျေးရွာ၊ ကယန်း (ပဒေါင်) လူမျိုးစုများရှိရာ ကျေးရွာစု သို့ အဓိကသွားရောက် လေ့လာ လည်ပတ်ကြပါသည်။

ထို့နောက် တနီးလာလဲကျေးရွာ သို့လာရောက်ကြပြီး ထီးပွင့်ကန်နှင့် ကန်ခုနစ်ဆင့်တို့သို့ သွားရောက် လည်ပတ်ကြပါသည်။ ခရီးသွား ဧည့်သည်များသည် လည်ပတ်စရာ နေရာများတွင် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းသာ အဓိကဆောင်ရွက်မှု ဖြစ်နေပါသည်။ ထို့ကြောင့် နေရာ တစ်ခုသို့ရောက်ရှိပါက မိနစ် ၃ဝ အတွင်း လာရောက်လည်ပတ်မှုမှာ ပြီးဆုံးနေရသည်။

ခရီးစဉ်တစ်ခု၊ နေရာတစ်ခုတွင် ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင် စားပြီး ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု နှင့်လူနေမှုဓလေ့စရိုက်များ၊ အစား အသောက်များကို ပိုမိုလေ့လာနိုင်ရန် နှင့် ဒေသခံတိုင်းရင်းသားများ အတွက်ပါ အကျိုးကျေးဇူးရရှိစေရေး တို့အတွက် စနစ်တကျစတင်ဆောင် ရွက်နေပြီဖြစ်ပါသည်။ ကယား ပြည်နယ်အတွင်း အဓိကလူမျိုးစုများ နေထိုင်သည့် တနီးလာလဲကျေးရွာနှင့် ပန်ပက်ကျေးရွာနှစ်ရွာကို စံပြ ခရီးသွားဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာ အဖြစ် ပုံဖော်နိုင်ရန် စတင်အကောင် အထည်ဖော်လျက်ရှိပါသည်။
ထိုသို့ အကောင်အထည်ဖော်ရာ တွင် နယ်သာလန်နိုင်ငံမှ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ အကူအညီပေးနေသော သွင်းကုန်များ မြှင့်တင်ရေးဗဟိုဌာန Center for Promotion of Imports from Developing Country နှင့် နိုင်ငံတကာကုန်သွယ်ရေးစင်တာ (ITC) တို့ပူးပေါင်းကာ ဒတ်ခ်ျအစိုးရ ရန်ပုံငွေကျခံပြီး ကယားပြည်နယ် အတွင်း ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် အထိ သုံးနှစ်စီမံကိန်းဖြင့် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကယားပြည်နယ် ယဉ်ကျေးမှု ပြတိုက်အတွင်း ခရီးသွားဧည့်သည် များကို ပိုမိုဆွဲဆောင်နိုင်စေရန် နှင့် အနားယူအပန်းဖြေနိုင်စေ ရေး၊ ယဉ်ကျေးမှုအနုသုခုမများကို တစ်နေရာတည်း ခံစားနိုင်စေရေး အကြံပြုဆွေးနွေးလျက် ရှိပါသည်။ ပြည်နယ်အတွင်းခရီးသွား ကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရေးနှင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များမှလည်း ကယား ရိုးရာအဝတ်အထည်များကို ဝယ်ယူ နိုင်စေရန်အတွက် ပြည်နယ်ရက်ကန်း ကျောင်းတို့နှင့်ပူးပေါင်း၍ ရိုးရာ အထည်များကိုအဆင့်မြှင့်တင်ပြီး ဈေး ကွက်ရှာဖွေပေးမှုများကို ဆောင်ရွက် လျက်ရှိပါသည်။ ခရီးသွားဧည့်သည် များအနေဖြင့် ရက်ကန်းကျောင်း အတွင်း ရိုးရာအဝတ်အထည် တစ်ခု ထုတ်လုပ်ပုံအဆင့်ဆင့်ကို အစမှ အဆုံးထိ ပါဝင်ဆောင်ရွက်နိုင်သည့် အတွက် နိုင်ငံခြားသားခရီးသွားများအတွက်လည်း ပျော်ရွှင်မှုများကို ခံစားကြရပါသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည် များ အများစုသွားရောက်သည့် ပန်ပက်ကျေးရွာ၌ ကျေးရွာပေါင်း ငါးရွာဖြင့် ဖွဲ့စည်းထားပါသည်။ လွိုင်လင်မြို့မှ မော်တော်ကားဖြင့် သွားရောက်ပါက တစ်နာရီခွဲခန့် ကြာမြင့်ပါသည်။ ပန်ပက်ကျေးရွာ သည် ကယန်း(ပဒေါင်) လူမျိုးများ အဓိကနေထိုင်ရာ ရွာကြီးဖြစ်ပါ သည်။
ကယန်း(ပဒေါင်)တို့သည် တောင် ယာလုပ်ငန်းကို အဓိကလုပ်ကိုင် ကြပါသည်။ နိုင်ငံခြားသားခရီးသွား ဧည့်သည် အများစုသည် ကယန်း (ပဒေါင်)လူမျိုးတို့၏ လည်ပင်း ကြေးကွင်းစွပ်သည့် ရိုးရာဓလေ့နှင့် ဝတ်စားဆင်ယဉ်မှုများကို အထူး စိတ်ဝင်စားကြပါသည်။ သို့ရာတွင် ခရီးသွားအများစုသည် ဓာတ်ပုံ ရိုက်ခြင်းဖြင့်သာ ကျေနပ်လျက်ရှိ ပါသည်။ ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လွိုင်ကော်ရုံးနှင့် ITC တို့က ပူးပေါင်း ၍ ကျေးရွာအတွင်း ခရီးသွားကဏ္ဍနှင့်ပတ်သက်သည့် ဗဟုသုတများရရှိ အောင် ဆောင်ရွက်ပေးခြင်း၊ ခရီးသွား ကဏ္ဍမှ ကျေးရွာအတွက် စီးပွားဖြစ် ဆောင်ရွက်နိုင်ကြောင်းနှင့် ရိုးရာ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာတူရိယာများ ထိန်းသိမ်းထား နိုင်မှု စသည့် အကျိုးကျေးဇူးများ ရရှိ နိုင်ကြောင်း စည်းရုံးဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

ခရီးသွားဧည့်သည်များ အနေ ဖြင့် နံနက်မှ ညနေအထိ ကျေးရွာ အတွင်း ပျော်ရွှင်စွာ လည်ပတ် လေ့လာနိုင်စေရန် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ကျေးရွာ ပတ်ဝန်းကျင်ရှိ လှပသောတောင် တန်းများ၊ တောအုပ်များသို့ ခရီးတို နှစ်နာရီခရီးများကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။ ခရီးသွား ဧည့်သည်များ အနေဖြင့်လည်း ဒေသခံငှက်မျိုးစိတ်များ၊ သစ်တော များ၊ ပန်းပင်များနှင့် ဒေသခံတို့၏ တောင်ယာစိုက်ခင်းများကို ကိုယ် တိုင်ကိုယ်ကျလေ့လာ ကြည့်ရှုနိုင် ကြပါသည်။ လမ်းခရီးတွင် ဒေသခံ များနှင့် ဧည့်လမ်းညွှန်များက ရိုးရာ တူရိယာများကို ဖျော်ဖြေတီးခတ် ပြသခြင်းဖြင့် ခရီးသွားဧည့်သည်များ အား တစ်မူထူးခြားသည့် တေးဂီတ အလှအပနှင့် သဘာဝတောငှက် တို့၏ အော်မြည်သံများက လည်း ဆွဲဆောင်လျက်ရှိနေပါသည်။ ကျေးရွာအတွင်း လက်မှုလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နိုင်အောင် ကူညီထောက်ပံ့လျက်ရှိပါသည်။

ခရီးသွားဧည့်သည်များ ဒုတိယ အများဆုံး သွားရောက်လည်ပတ်ကြ သည့်ခရီးစဉ်မှာ တနီးလာလဲကျေးရွာ ဖြစ်ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၏ ဆောင်ရွက်ပေးမှုကြောင့် လွိုင်ကော် မြို့မှ မိနစ် ၂ဝ အတွင်း သွားရောက် နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါသည်။ ကျေးရွာ လမ်းကြောင်းအတွင်း ထီးပွင့်ကန်နှင့် ကန်ခုနစ်အဆင့် စသည့်နေရာ များသို့လည်း သွားရောက်နိုင်ပါ သည်။ တနီးလာလဲကျေးရွာသည် ကယားလူမျိုးများ အဓိကနေထိုင်ရာ ရွာကြီးဖြစ်ပါသည်။ ခရီးသွား ဧည့်သည်များအနေဖြင့် ကျေးရွာ အတွင်း ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများကို လေ့လာနိုင်ရုံသာမက ကျေးရွာအတွင်း နွားလှည်းများ စီး ရင်း လေ့လာကြည့်ရှုခံစားနိုင်ပါ သည်။ ကျေးရွာအတွင်းရှိ ကြာကန် သို့လည်း သွားရောက်လည်ပတ်နိုင် ပါသည်။

ကန်ခုနစ်ဆင့် ရေကန်များတွင် ငါးမျှားခြင်း၊ ရေကူးခြင်းများကို ခရီး သွားဧည့်သည်များမှ လုံခြုံစိတ်ချ စွာ အပန်းဖြေနိုင်စေရေးအတွက် ကျေးရွာနေပြည်သူများကို ပညာပေး ဆောင်ရွက်လျက်ရှိနေပါသည်။ ဧည့် လမ်းညွှန်များကလည်း ကယား လူမျိုးတို့၏ရိုးရှင်းသည့် တစ်နေ့တာ အသက်မွေးဝမ်းကျောင်းပုံ၊ ရိုးသား ပျော်ရွှင်သည့် လူမှုစရိုက်များ၊ ကယားလူမျိုးတို့၏ ရိုးရာပွဲတော်များ ကို ဝေဝေဆာဆာရှင်းလင်းပြော ကြားခြင်းဖြင့် ဧည့်သည်၏ ကျေနပ်မှုကိုရရှိမည် ဖြစ်ပါသည်။

၂ဝ၁၅ ခုနှစ် သြဂုတ် ၁၄ ရက် မှ ၁၈ ရက်အထိ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေး နှင့် စားသုံးသူမြှင့်တင်ရေးဦးစီးဌာန၊ ပန်ပက်ကျေးရွာသားငါးဦး၊ တနီး လာလဲကျေးရွာသားငါးဦးနှင့် ITC ရုံးမှ တာဝန်ရှိသူများသည် ထိုင်း နိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းရှိ မွန်ပေါင်ကျေးရွာ၊ မွန်ပန်ကျေးရွာ၊ ကျားဗိုလ်ကျေးရွာ နှင့် မယ်ဟောင်ဆောင်မြို့ပေါ်သို့ သွားရောက်ခဲ့ပါသည်။ ထိုသို့ သွား ရောက်သည့် အဓိကရည်ရွယ်ချက် သည် ထိုင်းနိုင်ငံ၏ခရီးသွားကဏ္ဍကိုလေ့လာရန်နှင့် ပန်ပက်ကျေးရွာ၊ တနီးလာလဲကျေးရွာသားတို့ ခရီး သွားကဏ္ဍအပေါ် ပိုမိုစိတ်ဝင်စား လာစေရန်နှင့် အတုယူနိုင်ရန်တို့ အတွက် ဖြစ်ပါသည်။ ခရီးစဉ်တွင် ကျေးရွာသုံးရွာ၌ တစ်ညစီအိပ်ခဲ့ပြီး ကျေးရွာများ၌ စုပေါင်း၍ ခရီးသွားလုပ်ငန်းကို စုပေါင်းဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြပါသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာများ၌ ဝါးနှင့်ပြုလုပ်သည့် လက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား သားများအား ဆွဲဆောင်နိုင်သည်ကို တွေ့ရှိခဲ့ရပါသည်။ လက်မှုလုပ်ငန်း များတွင် ခရီးသွားဧည့်သည်များ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင် အောင် ဆောင်ရွက်ထားသည်ကို လည်း သိရှိခဲ့ရပါသည်။ ၄င်းတို့၏ ကိုယ်ပိုင်ရိုးရာဝတ်စုံများကိုလည်း ရက်လုပ်ရောင်းချပြီး ကိုယ်ပိုင် အမှတ်တံဆိပ်များ ရိုက်နှိပ်ထား သည်ကို မြင်တွေ့ခဲ့ရပါသည်။

ကယားပြည်နယ် အနေဖြင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ဒေသခံများအကျိုး ကျေးဇူးများ ခံစားရရှိနိုင်ရေး အတွက် ခရီးစဉ်ဒေသများနှင့် ကျေးရွာများ၌ ထုတ်ကုန်အသစ် များ၊ ဝန်ဆောင်မှုအသစ်များနှင့် ခရီးသွားဧည့်သည်များကို ပိုမို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းသွားရ မည်ဖြစ်ပါသည်။ ပန်ပက်ကျေးရွာ နှင့် တနီးလာလဲကျေးရွာများ ကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ကျန်ကျေးရွာများကို လည်း ခရီးသွားကဏ္ဍတွင် ပါဝင် လာအောင် ဆောင်ရွက်သွားရန် မဟာဗျူဟာများ ချမှတ်အကောင် အထည်ဖော်လျက်ရှိပါသည်။
မကြာမီ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ အကြား(BP-13) နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ဖွင့်လှစ်မည်ဖြစ် ပါသည်။ ၁၇-၇-၂ဝ၁၅ ရက် တွင် သံလွင်တံတား(ဖာဆောင်း)ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်လာသည်နှင့်အမျှ မယ်ဟောင်ဆောင်ဒေသနှင့် အပြန် အလှန် သွားရောက်လည်ပတ်နိုင် ကြတော့မည်ဖြစ်ပါသည်။

ထို့ကြောင့် မကြာမီကာလ အတွင်း ငွေတောင်ပြည်တွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက် အသီးအပွင့်များ ဝေဆာဖူးပွင့်လာတော့မည် ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါ သည်။ ။
မြ၀တီ

No comments:

Post a Comment