Sunday 27 December 2015

မြန်မာ့ အားကစားလောကထဲက ပန်းပွင့်လေးများ

မြန်မာ့အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး အားကစားသမားတွေဟာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ မိမိတို့ဝါသနာပါတဲ့အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြ သလို ကြိုးပမ်းနေကြဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးငယ်တွေအတွက် မြန်မာ့လူမှုအသိုင်းအ၀န်းကတော့ ဂုဏ်ယူချီး မြောက်အားပေးမှုထက် အပြစ်တင်ဝေဖန်ကြတာပိုများပါတယ်။
အမျိုးသမီးအားကစားသမားတွေအတွက်တော့ ပရိသတ်အားပေးမှုရဖို့ဆိုတာထက် ကိုယ့်မိသားစုရဲ့အားပေးမှု ကိုရဖို့တောင် မလွယ်ကူလှပါဘူး။ တစ်ချို့အားကစားမယ်တွေဆိုရင် သူတို့ဘ၀တစ်ခုလုံးကို အားကစားထဲမှာပဲ နှစ်မြှုပ်ထားပြီး အနားယူချိန်မှာ ဘ၀ရပ်တည်မှုအတွက် အခက်အခဲတွေနဲ့တောင် ရင်ဆိုင်နေရတာပါ။

ခရောင်းလမ်းကိုဖြတ်ပြီး ပန်းတိုင်ကို အရောက်လှမ်းသူများ

မြန်မာနိုင်ငံမှာ အမျိုးသမီးအားကစားသမားတွေကို ယောကျာင်္းလျာတွေလို့သတ်မှတ်ပြီး ယောကျာင်္းလေး တွေရော၊ မိန်းကလေးတွေအကြားမှာပါ ၀ိုင်းပယ်ခံတာမျိုးတွေအထိ ရှိတတ်ပါတယ်။ မိသားစုအကြားမှာ အနှိမ်ခံ၊ ပတ်ဝန်းကျင်ရဲ့မေးငေါ့ပြစ်တင်ဝေဖန်မှုတွေကြားကနေ ရည်ရွယ်ချက်အောင်မြင်ဖို့ တစ်ချို့အမျိုးသမီးတွေဟာ မိသားစုကိုတောင် စွန့်ခဲ့ရတာမျိုးတွေရှိပါတယ်။

“ကျွန်မငယ်ငယ်က ဘောလုံးကန်မယ်ဆိုရင် အိမ်ကအသေရိုက်တယ်။ ဒါပေမယ့် မိသားစုမှာရော ၀မ်းကွဲတွေအကြားမှာပါအကိုတွေက ဘောလုံးကန်နေတာတွေ့ရင် ၀င်ကန်တာပဲ။ ဈေးဝယ်ခိုင်းရင်း ဘောလုံးပွဲတွေ့လို့ဝင်ကန်နေတာနဲ့ အိမ်ရောက်ရင် အရိုက်ခံရရော။” အခုအချိန်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်နေပြီး ပြည်သူ့အချစ်တော် သန်းသန်းထွေးရဲ့ငယ်ဘ၀အတွေ့အကြုံတွေပါ။ တစ်ချိန်မှာ သူ့အနေနဲ့ဒီဘ၀ကို ရောက်လာလိမ့်မယ်လို့ စိတ်ကူးတောင်မရှိပဲ ဘောလုံးကစားနေရရင်ပျော်နေတဲ့အတွက် ဘောလုံးကစားမယ့်ဘ၀ကို ရွေးချယ်ခဲတာပါ။ သန်းသန်းထွေးဟာ ၂၀၀၁ခုနှစ်မလေးရှားဆီးဂိမ်းမှာကတည်းက မြန်မာ့လက်ရွေးစင်အသင်းအတွက်အရွေးချယ်ခံခဲ့ရပြီး နိုင်ငံအတွက် ဆီးဂိမ်းမှာ ငွေတံဆိပ်နဲ့ကြေးတံဆိပ်ဆုတွေ ရယူပေးနိုင်ခဲ့ပြီး အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ၊ ငွေတံဆိပ်၊ ကြေးတံဆိပ်စတဲ့ ဆုတံဆိပ်ပေါင်း နှစ်ဆယ်နီးပါးရယူပေးထားနိုင်ပါတယ်။

အမျိုးသမီးအားကစားသမားအများစုဟာ ဘ၀ကို ခက်ခက်ခဲခဲရုန်းကန်လာရသူတွေဖြစ်ပြီး ကိုယ့်အားကစားနည်းအတွက်လိုအပ်တဲ့ အသုံးအဆောင်တွေဝယ်ယူဖို့တောင် ငွေကြေး မတတ်နိုင်ခဲ့ကြပါဘူး။ မြန်မာ့အားကစားလောကမှာထင်ရှားတဲ့အပြေးမယ်တစ်ဦးဖြစ်တဲ့ ပပ ဆိုရင် ဖိနပ်မစီးပဲပြိုင်ပွဲဝင်တတ်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေရဲ့အာရုံစိုက်ရေးသားဖော်ပြမှုကို ခံရလေ့ရှိပါတယ်။ “ဖိနပ်မစီးပဲပြိုင်ပွဲဝင်တာက လူစိတ်ဝင်စားအောင်စတန့်ထွင်တာမဟုတ်ပါဘူး။ ဖိနပ်မပါပဲပြေးရတာ ကျွန်မအတွက် လွတ်လပ်တယ်ထင်လို့ပါ။ ဖိနပ်ဝတ်ပြီး လေ့ကျင့်ဖူးပါတယ်။ ဖိနပ်မ၀ယ်နိုင်ခင်ကတည်းက အခုလို ဖိနပ်မပါပဲပြေးနေကျပါ။” လို့ ပပက ဖိနပ်မစီးပဲ ပြိုင်ပွဲဝင်တဲ့အကြောင်းကို ပြောပါတယ်။ ပပဟာ ၁၉၉၃ခုနှစ်ကတည်းက အားကစားလောကကိုဝင်ရောက်လာပြီး အသက် ၁၃နှစ်အရွယ်မှာ နိုင်ငံကိုယ်စားပြု အပြေးမယ်တစ်ယောက်ဖြစ်နေပါပြီ။ သူဝါသနာပါတဲ့ အားကစားနည်းနဲ့ ဘ၀ကို ရပ်တည်နိုင်ဖို့ စွန့်လွှတ်စွန့်စားရတာတွေအများကြီးရှိခဲ့ပေမယ့် အခုအချိန်မှာ ကျေနပ်မှုအပြည့်နဲ့ ဘ၀ကို ဖြတ်သန်းနိုင်နေပါပြီ။

ခံစားချက်ရှိတဲ့လူသား

အမျိုးသမီးအားကစားသမားတွေကို အများစုက ကြမ်းကြမ်းတမ်းတမ်းနဲ့ အားကစားနည်းတွေယှဉ်ပြိုင် ကစားနေတဲ့အတွက် စိတ်ကြမ်းလူကြမ်းတွေဖြစ်မယ်လို့ လူအများစုက သတ်မှတ်ယုံကြည်ထားကြပါတယ်။ တကယ်ကတော့ သူတို့တွေဟာလည်း သာမန်မိန်းကလေးတွေလိုပဲ အလှအပကို မက်မောပြီး စိတ်ခံစားချက်ရှိတဲ့ လူသားတွေပါပဲ။ “တခါတလေ မိန်းကလေးတွေလှလှပပ၀တ်စားပြီးသွားလာနေတာမြင်ရင် အားကျမိတယ်။ ဒါပေမယ့် ကိုယ်တွေအလုပ်နဲ့က ဒါမျိုးဝတ်စားနေထိုင်ဖို့မဖြစ်နိုင်ဘူးဆိုပြီး စိတ်ဖြေရတယ်လေ။ ဒါပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ဘ၀ကိုတော့ ကိုယ်ကျေနပ်ပါတယ်။” မိန်းကလေးတစ်ယောက်လို ရှက်သွေးဖြာ ပြီး ဒီစကားတွေကိုပြောနေပေမယ့် ယုံကြည်ချက်အတွက် ပေးဆပ်နေရမှုကို ကျေနပ်တဲ့ မျက်ဝန်းတစ်စုံနဲ့ သန်းသန်းထွေးက ဒီစကားတွေကိုပြောနေခဲ့တာပါ။

သူတို့တွေဟာ အသက် ၂၀ ၀န်းကျင် လူငယ်အမျိုးသမီးလေးတွေဖြစ်ပေမယ့် သူတို့ရွေးချယ်ထားတဲ့ ဘ၀လမ်းပေါ်မှာ တည်ငြိမ်ရင့်ကျက်တဲ့စိတ်ဓာတ်၊ ယုံကြည်မှုနဲ့ လျှောက်လှမ်းပြနေပုံက ယောကျာင်္းရင့်မာကြီးတွေထက် သတ္တိပိုကောင်းကြောင်းပြသနေတာပါ။ “ကျွန်မအားကစားအလုပ်မလုပ်ဖြစ်တော့ဘူးဆိုရင် မိတ်ကပ်ပညာရှင် ဖြစ်ချင်ပါတယ်။ သူငယ်ချင်းတွေကို အလှပြင်ပေးရင်းနဲ့ဝါသနာပါလာတာပါ။ ဒါပေမယ့် အားကစားသမားဘ၀က ဆက်လက်ရပ်တည်ဖို့အချိန်အများကြီး ကျန်နေသေးတဲ့အတွက် သေသေချာချာတော့ မဆုံးဖြတ်ရသေးပါဘူး။” လို့ အသက် ၂၁နှစ်အရွယ်ပဲရှိသေးတဲ့ မြန်မာ့ဂုဏ်ဆောင်ဝူရှုးမယ် စန္ဒီဦးကပြောပါတယ်။ စန္ဒီဦးဟာ အသက် ခုနှစ်နှစ်အရွယ်ကတည်းက ၀ူရှုးအားကစားနည်းကို ကစားခဲ့တာဖြစ်ပြီး ကိုးနှစ်အရွယ်ကတည်းက မြန်မာနိုင်ငံ ကိုယ်စားပြုကာ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်ပေါင်းများစွား ရယူပေးထားနိုင်သူပါ။

မြန်မာ့အားကစားမယ်တွေဟာ အားကစားအတွက် တစ်ဘ၀လုံးရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ အားကစားပြိုင်ပွဲတွေအကြားမှာပဲ နေ့စဉ်ကျင်လည်နေရတဲ့အတွက် အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာလည်း အဆင်မပြေမှုတွေနဲ့ကြုံတွေ့ကြရပါတယ်။ “ရည်းစားမရှိပါဘူး။ ကိုယ့်လိုဘ၀မျိုးကို နားလည်နိုင်ဖို့လည်း မလွယ်ကူနိုင်တဲ့အတွက် ရှိခဲ့ရင်လည်း မတည်မြဲနိုင်ပါဘူး။ ကစားဖော်တွေနည်းပြတွေကသာ ကျွန်မအတွက် မိသားစုတွေ၊ သူငယ်ချင်းတွေပါ” လို့ သန်းသန်းထွေးကဆိုပါတယ်။ ၀ူရှုးအားကစားမယ် စန္ဒီဦးကလည်း “အိမ်ထောင်ပြုဖို့ထက် ချစ်သူတောင်မရှိဘူး။ ရည်ရှည်စခန်းဝင်လေ့ကျင့်နေရတာဆိုတော့ လူမှုဘ၀မှာဆက်ဆံရေးတွေလစ်ဟင်းတာရှိပါတယ်။ တစ်ခါတစ်လေ ငြီးငွေ့တာမျိုးမဟုတ်ပေမယ့် ပြိုင်ပွဲတစ်ခု ရှိရင် မြန်မြန်မပြီးပါစေလို့ဆုတောင်းဘူးတယ်။”လို့ ပြောပါတယ်။

ပရိသတ်အားပေးမှုနဲ့သူတို့

အောင်မြင်မှုရလာပြီးနောက်ပိုင်းမှာ အမျိုးသမီးအားကစားသမားတွေကို ပရိသတ်အားပေးမှုရှိလာခဲ့ပြီး ဒီအားပေးမှုကပဲသူတို့ ဆက်လျှောက်ရမယ့်လမ်းအတွက်ခွန်အားဖြစ်စေခဲ့ရတာပါ။ “ကျွန်မပုံကို မန္တလေးက အစ်ကိုတစ်ယောက် တက်တူးထိုးထားတာလာပြတော့ ရင်ထဲမှာအရမ်းပျော်ပါတယ်။ ပရိသတ်ရဲ့အားပေးမှုရလာတော့ ကိုယ့်အတွက်အားရှိတာပေါ့။”လို့ သန်းသန်းထွေးကပြောပါတယ်။ အမျိုးသားပုံစံကစားသမားတွေအကြားမှာ ထူးထူးခြားခြားအမျိုးသမီးပုံစံနဲ့ ဘောလုံးကို ကျွမ်းကျင်မှုအပြည့် ကစားနိုင်တဲ့ သန်းသန်းထွေးကို ၂၀၁၃ ဆီးဂိမ်းအပြီးမှာ တစ်နိုင်ငံလုံးကပရိသတ်တွေတစ်ခဲနက်အားပေးခဲ့ကြ ပါတယ်။

၂၀၁၅ စင်ကာပူဆီးဂိမ်းမှာ ရွှေတံဆိပ်၊ ငွေတံဆိပ်တွေရယူနိုင်ခဲ့ပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ပရိတ်အားပေးမှုရလာခဲ့တဲ့ စန္ဒီဦးကလည်း ပရိသတ်အားပေးမှုအတွက် ပျော်တယ်လို့ပြောပါတယ်။ “ဖေ့စ်ဘုတ်ကနေအားပေးတဲ့ပရိသတ်တွေကြောင့်ပျော်ပါတယ်။ တခြားခံစားချက်မျိုးတော့မရှိပါဘူး။”လို့ သူကပြောပါတယ်။

မြှင့်တင်ပေးဖို့လိုနေတဲ့အမျိုးသမီးအားကစားလောက

မြန်မာ့အားကစားလောကမှာ အမျိုးသမီးအားကစားသမားတွေဟာ အမျိုးသားအားကစားသမားတွေထက် ပံ့ပိုးမှုအဖက်ဖက်က နိမ့်ကျပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ကြိုးပမ်းနေကြရတာပါ။ အမျိုးသမီးကစားသမားတွေ အတွက်လစာဆိုတာ အမျိုးသားအားကစားသမားတွေရနေတဲ့လစာငွေရဲ့အစွန်းထွက်သာသာပဲရှိတာပါ။

ဒီလိုအခြေအနေကို ပြောင်းလဲပစ်ဖို့လိုနေပါပြီ။ မြန်မာ့အားကစားသမိုင်းမှာ ဂျနီဖာတင်လေး၊ ခင်ခင်ထွေး၊ ခိုင်ခိုင်မော်စတဲ့ အမျိုးသမီးအားကစားသမားသူရဲကောင်းတွေ အများကြီးပေါ်ထွက်ခဲ့ဖူးသလို နောက်ထပ်လည်း အမျိုးသမီးအားကစားသူရဲကောင်းတွေ မြန်မာ့အားကစားလောကမှာ ဆက်လက်ပေါ်ထွက်နေဆဲပါ။ ဒါပေမယ့် မျိုးဆက်သစ်အမျိုးသမီးအားကစားသမားတွေနဲ့ လက်ရှိအမျိုးသမီးအားကစားသမားတွေ ဒီလောကမှာ ဆက်လက်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့စိတ်ပိုင်း၊ရုပ်ပိုင်း ပံ့ပိုးမှုတွေလိုအပ်နေပါပြီ။ ဒီတော့ မြန်မာ့အားကစားနယ်ပယ်မှာ အမျိုးသမီးအားကစားသူရဲကောင်းတွေ ပေါ်ထွက်လာဖို့အတွက် တာဝန်ရှိသူတွေအားလုံးလိုအပ်တဲ့ မြှင့်တင်မှုမျိုးတွေကို ပြုလုပ်ပေးသင့်နေပြီဖြစ်ပါတယ်။
mizzimaburmese

No comments:

Post a Comment