Sunday 27 December 2015

မြန်မာ-ထိုင်း နယ်စပ်မြို့များ လုံခြုံရေးတိုးမြှင့်

မြန်မာလုပ်သားနှစ်ဦး အား ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် ဆန္ဒဖော် ထုတ်မှုများ အရှိန်မြင့်နေချိန်တွင် မြန်မာ-ထိုင်း နယ်စပ်မြို့များ၌ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုအ တွက် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ထားခြင်းသည် တရားမျှတမှုမရှိဟု မြန်မာနိုင်ငံသားများက ယုံကြည်နေပြီး မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေသည်။

မလိုလားအပ်သော ပြဿနာများ အချိန်မီထိန်းသိမ်းနိုင်ရန် မြန်မာ-ထိုင်းနယ်စပ်မြို့များတွင် လုံခြုံရေး တိုးမြှင့်လိုက်ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် လုံခြုံ/မှုခင်းဌာနမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ထိ စပ်နေသည့် မြို့ကြီးများဖြစ်သော မြဝတီ၊ တာချီလိတ်နှင့် ကော့ သောင်းမြို့တို့တွင် လုံခြုံရေး ပိုမို တိုးမြှင့်လိုက်ကြောင်း သတင်းရရှိ သည်။

လိပ်ကျွန်းအမှု ဆုံးဖြတ်ချက်ကို မကျေနပ်၍ မြဝတီနှင့် ကော့သောင်းမြို့ ဒေသခံများက ဒီဇင်ဘာ ၂၅ ရက်တွင် ဆန္ဒဖော် ထုတ်ခဲ့သကဲ့သို့ တာချီလိတ်မြို့တွင်လည်း ဒီဇင်ဘာ ၂၆ ရက်၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

‘‘ဘာမှမဖြစ်အောင် ထိန်း သိမ်းနိုင်ဖို့ပေါ့။ ခရစ္စမတ်ကာလ လည်း ဖြစ်နေတော့လေ။ လှည့် ကင်း၊ ပတ်ကင်းအားလုံးတိုးထား တယ်’’ဟု ကော့သောင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဒေသခံများက ဆန္ဒထုတ် ဖော်ခွင့် တရားဝင်တောင်းဆိုထား သကဲ့သို့ အုပ်ချုပ်ရေးပိုင်းက လည်း ခွင့်ပြုထားပြီး တည်တည်ငြိမ်ငြိမ် ဆန္ဒထုတ်ဖော်ကြရန် ညှိနှိုင်းထားကြောင်း တာချီလိတ်မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်း က ပြောသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးတိုးမြှင့်ထားသကဲ့သို့ ထိုင်းနိုင်ငံ တွင်လည်း ယခင်ထက် လုံခြုံရေး တင်းကျပ်ထားကြောင်း ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ပြောသည်။
7Day News Journal

No comments:

Post a Comment