Thursday 25 June 2015

သယံဇာတမှ ရရှိသည့် ၀င်ငွေအား စစ်ဆေးနိုင်ရန် အစိုးရ၀န်ကြီးဌာနများမှ ရရှိသည့် အခွန်ငွေကို လန်ဒန်အခြေစိုက် Moore Stephan စာရင်းစစ်အဖွဲ့က စတင်ကောက်ယူ

သဘာဝသယံဇာတမှ ရရှိသည့် ၀င်ငွေအား တိုက်ဆိုင်စစ်ဆေးနိုင်ရန် လန်ဒန်အခြေစိုက် Moore Stephan အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ သိရသည်။

အဆိုပါအဖွဲ့သည် အစိုးရ၀န်ကြီးဌာနများဖြစ်သည့် စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ စာရင်းစစ်ချုပ်ရုံး စသည်တို့၏ အခွန်ဆိုင်ရာရရှိမှု စာရင်းအချက်အလက်များကို စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် သဘာဝသယံဇာတမှ ရရှိသည့် ၀င်ငွေကို တိုက်ဆိုင်စစ်ဆေးရန် ကနဦးအနေဖြင့် Scoping Study ကို လေ့လာသွားမည်ဖြစ်ကာ မည်သည့်ကဏ္ဍကို အဓိကထား ဆောင်ရွက်မည်ကို ယင်းစာရင်း အချက်အလက်များပေါ် အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီစာရင်းစစ်အဖွဲ့က ကမ္ဘာ့ဘဏ်ရဲ့ အမှတ်ပေးစည်းကမ်းနဲ့ ကိုက်ညီတဲ့အတွက် ရွေးချယ်တာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ စစ်မယ့်အဖွဲ့မှာ ပါဝင်မယ့်သူတွေ့ရယ်၊ အချိန်ရယ်၊ စုစုပေါင်းကုန်ကျငွေရယ်၊ နည်းပညာပိုင်းဆိုင်ရာရယ်၊ အဲဒါတွေကို ယှဉ်လိုက်ရင် အခြားအဖွဲ့ထက်ပိုပြီး အဆင်ပြေလို့ ရွေးချယ်တာ ဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီအဖွဲ့က UN လို အဖွဲ့အစည်းမှာလည်း ပါဝင်ဖူးပါတယ်” ဟု မြန်မာ့ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။

ယင်းသို့ လေ့လာမှုသည် တစ်လကြာ ဆောင်ရွက်မည်ဖြစ်ကာ ယင်းနောက် မူကြမ်းထုတ်ပြန်သွားမည် ဖြစ်ပြီး သုံးပွင့်ဆိုင်အဖွဲ့၏ သဘောတူညီမှုနှင့် မည်သည့်က ဆောင်ရွက်မည်၊ မည်သည့်ကုမ္ပဏီများကို ထည့်သွင်းဆောင်ရွက်မည်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း EITI နှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ယင်းသို့ သဘာဝသယံဇာတမှရရှိသည့် အခွန်ငွေစီးဝင်မှုကို စစ်ဆေးရန်အတွက် အမေရိကန်၊ ၾသစေတ်းလ်၊ ဗြိတိန်၊ အိန္ဒိယနိုင်ငံများ အပါဝင် အာရှအခြေစိုက်သည့် နိုင်ငံတကာ စာရင်းစစ်အဖွဲ့ ၁၁ ဖွဲ့မှ လျှောက်ထားခဲ့ပြီး လန်ဒန်အခြေစိုက် Moore Stephan သြစတေးလျအခြေစိုက် ENY, ဥရောပ အခြေစိုက် Fair Link စသည့် နိုင်ငံတကာ စာရင်းစစ်အဖွဲ့ သုံးဖွဲ့အနက်မှ ဆန်ခါတင်ရွေးချယ်ခဲ့ကြောင်း သိရသည်။ အဖွဲ့များကို အဆင့်ဆင့် မရွေးချယ်မီတွင်လည်း နည်းပညာပိုင်းနှင့် ငွေကြေးဆိုင်ရာ အမှတ်ပေး စစ်ဆေးမှုကို အရပ်ဘက်၊ အစိုးရ၊ ကုမ္ပဏီနှင့် မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံး၊ ကမ္ဘာ့ဘဏ် စသည်တို့မှ ကိုယ်စားလှယ်ခြောက်ဦးတို့က ရွေးချယ်စိစစ် အမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Moore Stephen အဖွဲ့သည် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် အတွေ့အကြုံရှိသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် လျှောက်ထားသည့် မြန်မာနိုင်ငံ အနေဖြင့် သဘာဝသယံဇာတမှ ရရှိသည့် အခွန်ငွေစီးဝင်မှုကို နိုင်ငံတကာ EITI အတွင်းဝန်ရုံးသို့ တင်သွင်းရမည့်အပြင် ပြည်သူလူထုထံသို့ ချပြရမည်ဖြစ်သည့်အတွက် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EITI အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍတို့ကို ဦးစားပေးထည့်သွင်းနိုင်ရန် ရွေးချယ်ထားကာ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာသည့် မြန်မာနိုင်ငံ အနေဖြင့် ဇူလိုင်မှ စတင်ကာ ၁၈ လ အတွင်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် အပြီးသတ်ရေးဆွဲရမည်ဖြစ်ပြီး EITI Secretarait ရုံးသို့ တင်သွင်း ရမည်ဖြစ်ကာ ယခုနှစ်ကုန်တွင် အစီရင်ခံစာမူကြမ်း ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ၌ ကျင်းပသည့် EITI ဖော်ဆောင်ရေးအဖွဲ့၏ (၂၇) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာ နိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် EITI Board မှ ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် လက်ခံ သဘောတူ ခဲ့သည်။ EITI သည် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၏ ၀င်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ကြောင်း သိရသည်။       

Eleven Media Group

No comments:

Post a Comment