Thursday 25 June 2015

အမေရိကန် အခြေခံဥပဒေ ဘယ်နှစ်ရာခိုင်နှုန်းနဲ့ ပြင်ဆင်နိုင်သလဲ (အခြေခံဥပဒေ ပြင်ဆင်ရေး “ကကြီး” “ခခွေး”)

●ပြင်ဆင်ရေး ဒီဘိတ်●
လက်ရှိကာလမှာ ပြည်တွင်းက နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ နိုင်ငံတကာက လေ့လာသူတွေ အထူး အာရုံစိုက် စိတ်ဝင်စားနေတာကတော့ လွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အသီးသီးရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကလည်း စိတ်ဝင် တစား စောင့်ကြည့်ရတဲ့အနေအထား ဆိုရင်လည်း မမှားပါဘူး။ ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးချက် တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ရည်ညွှန်း ဆွေးနွေးသွားကြတာတွေလည်း တွေ့ရှိ ရပါတယ်။ ပြောရရင် သမ္မတအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ်၊ အာဏာသုံးရပ် အညီအမျှ (အညီအမျှ) ခွဲခြားပြီး အပြန်အလှန်ထိန်းကျောင်းရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ် အမေရိကန် အခြေခံဥပဒေကို အတော်များများက ကိုးကားကြတာလည်း တွေ့ရှိရပါတယ်။


ဒီဆောင်းပါးကတော့ လတ်တလော ဒီဘိတ်တွေမှာ ပါဝင်နေတဲ့ အမေရိကန် အခြေခံဥပဒေနဲ့ပတ်သက်လို့ ဘယ်လိုပြင်ဆင်ရ သလဲ၊ ဘယ်လိုပြင်ဆင်ခဲ့ကြသလဲ ဆိုတာကိုပဲ တွေ့ရှိချက်သက်သက် တင်ပြနိုင်ဖို့ ရှာဖွေထားတာ ဖြစ် ကြောင်း တင်ပြလိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ ပြင်ဆင်ရအခက်ဆုံး အခြေခံဥပဒေ လို့တောင် ဆိုရိုးရှိပါတယ်။ ဘာကြောင့်ပြင်ဆင်ဖို့ ခက်အောင် ထားခဲ့ရသလဲ ဆိုတာကို ပြန်လေ့လာကြည့်တော့ အခြေခံဥပဒေတစ်ခုဟာ အခေါင်အချုပ် ဖြစ်တဲ့အတွက် ဒီအခြေခံအုတ်မြစ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ခက်ခက်ခဲခဲ ပြင်ဖို့ ထားခဲ့တာ ဖြစ်ကြောင်း ရေးဆွဲခဲ့သူတွေက ဆိုခဲ့တာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမေရိကန် အခြေခံဥပဒေဟာ ၁၇၈၉ ခုနှစ် မတ်လ ၄ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့တာ ဖြစ်တာကြောင့် ဒီနေ့ဒီအချိန်အထိ ဆိုရင် နှစ်ပေါင်း ၂၀၀ ကျော် (၂၂၆ နှစ်ကျော်) ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

●အမေရိကန် အခြေခံဥပဒေ ဘယ်လိုပြင်ရသလဲ●
အမေရိကန် အခြေခံဥပဒေရဲ့ Article V မှာ “The Congress, whenever two thirds of both houses shall deem it necessary, shall propose amendments to this Constitution, or, on the application of the legislatures of two thirds of the several states, shall call a convention for proposing amendments, which, in either case, shall be valid to all intents and purposes, as part of this Constitution, when ratified by the legislatures of three fourths of the several states, or by conventions in three fourths thereof, as the one or the other mode of ratification may be proposed by the Congress; provided that no amendment which may be made prior to the year one thousand eight hundred and eight shall in any manner affect the first and fourth clauses in the ninth section of the first article; and that no state, without its consent, shall be deprived of its equal suffrage in the Senate.” ဆိုပြီး ပြဌာန်းထား ပါတယ်။

ပြင်ဆင်ဖို့ အဆိုပြုချက် (ပြင်ဆင်ချက်)ကို အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ် ပေါင်းရဲ့ ၃ ပုံ ၂ ပုံက စတင် အဆိုပြုရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပြည်နယ်လွှတ်တော် အားလုံးရဲ့ ၃ ပုံ ၂ ပုံကလည်း အဆိုပြုနိုင်ပါတယ်။ စာဖတ်သူများ ရှင်းလင်းစေဖို့ သရုပ်ဖော်ပုံနဲ့ ရှင်းလင်း လိုပါတယ်။

အထက်သရုပ်ဖော်ပုံမှာ ဖော်ပြပါရှိတဲ့အတိုင်း ပြည်နယ်လွှတ်တော်တွေကလည်း အခြေခံဥပဒေ ပြင်ဆင် ရေးကို ဆောင်ရွက်နိုင်ပါတယ်။ ဖက်ဒရယ် ဗဟိုမှာရှိတဲ့ ဆီးနိတ်နဲ့ ဟောက်စ်ကိုသာ ပြင်ခွင့် ပေးထားတာ မဟုတ်ဘဲ ပြည်နယ်လွှတ်တော်တွေကိုပါ ပြင်ဆင်ခွင့် အပ်နှင်းထားတာက ထူးခြားချက် ဖြစ် ပါတယ်။ ပြည်နယ်တွေက ပြင်ဆင်ချင်တယ် ဆိုရင် ကွန်ဂရက်က ညီလာခံခေါ်ပေးရမှာ ဖြစ်ပြီး ထောက်ခံ မထောက်ခံ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် အခြေခံဥပဒေကို တချို့တွေ သဘောပေါက်မှားနေတာက ပြင်ဆင်ချက်ကို အတည်ပြုဖို့ ၃ ပုံ ၂ ပုံပဲ လိုပါတယ်ဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ အမှန်တစ်ကယ် ပြဌာန်းထား တာက ၃ ပုံ ၂ ပုံ ဆိုတာက ပြင်ဆင်ချက် တင်သွင်းဖို့ သဘောတူ ထောက်ခံတဲ့ အရေအတွက်ကို ပြော ထားတာ ဖြစ်ပါတယ်။ အဲဒီလို ၃ ပုံ ၂ ပုံက ထောက်ခံ တင်ပြလာတဲ့ ပြင်ဆင်ချက် အတည်ပြုဖို့ ဆိုရင် ပုံမှာ ဖော်ပြထားတဲ့အတိုင်း ၄ ပုံ ၃ ပုံ သဘောတူညီချက် ရရှိဖို့ လိုပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇၅% အတိအကျ ထောက်ခံရင် ပြင်ဆင်ချက် အတည်ဖြစ်ပါတယ်။ ၇၅% မရရင်တော့ ပြင်ဆင်ချက် အတည် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လည်း အမေရိကန် အခြေခံဥပဒေကို ကမ္ဘာပေါ်မှာ ပြင်ဆင်ရ အခက်ခဲဆုံး အခြေခံဥပဒေလို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေမှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၀% က အဆိုပြု ပြင်ဆင်ချက် ဥပဒေကြမ်းကို တင်သွင်းရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာလို ၃ ပုံ ၂ ပုံ (၆၇%) မဟုတ်ပါဘူး။ [ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅]

ပြင်ဆင်ချက် အတည် ဖြစ်-မဖြစ်ကတော့ ပုဒ်မ ၄၃၆ မှာ (က)နဲ့ (ခ) နှစ်ပိုင်းခွဲထားပါတယ်။ (က) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ “၇၅%ကျော်” ထောက်ခံရမယ်၊ ပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ “ထက်ဝက်ကျော်” ထောက်ခံရမှာ ဖြစ်ပါတယ်။ (ခ)ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ “၇၅%ကျော်” ထောက်ခံရင် ပြင်ဆင် ချက် အတည်ဖြစ်ပါတယ်။

ကွာခြားချက်ကတော့ ပြည်နယ်လွှတ်တော်တွေကို ပြင်ဆင်ခွင့် ပေးမထားတဲ့အချက်ပဲ ဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်အဖြစ် ဖွဲ့စည်းတည်ဆောက်ရာမှာ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ပြည်ထောင်စုနဲ့ တန်းတူ ပေးအပ်ထားတဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။ နောက်ထူး ခြားချက်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ မဆိုင်ပါဘူး။ “ကြွင်းကျန် အာဏာ”နဲ့ပတ်သက်လို့ အမေရိကန်မှာ ပြည်နယ်တွေကို ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ မှာတော့ ကြွင်းကျန်အာဏာကို ပြည်ထောင်စုကို ပေးထားပါတယ်။ ကြွင်းကျန်အာဏာ ဆိုတာက အခြေခံ ဥပဒေမှာ ပါရှိခြင်းမရှိ၊ တိတိကျကျ သတ်မှတ်ပေးထားတာမရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဥပဒေပြု မယ် ဆိုရင် ဘယ်သူက ပြုခွင့်ရှိသလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒီတော့ အမေရိကန် အခြေခံဥပဒေမှာ ပြဌာန်း ဖော်ပြထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ် သက်လို့ ဘာဖြစ်လို့ ကမ္ဘာပေါ်မှာပြင်ဆင်ရအခက်ဆုံးဥပဒေ လို့ သတ်မှတ်ကြသလဲ ရှင်းပြီ ထင်ပါတယ်။

●ဘာတွေ ပြင်ဆင်ခဲ့ပြီးပြီလဲ●
အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေပြင်ဆင်ခဲ့သမျှကို ပူးတွဲပါ ဇယားမှာ ဖော်ပြထားပါတယ်။

စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၁၇၈၉ ခုနှစ်က စတင် အာဏာတည်ခဲ့တဲ့ အမေရိကန် အခြေခံ ဥပဒေကို လက်ရှိအချိန်အထိ အကြိမ်ပေါင်း (၂၇)ကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်တာကို တွေ့ရှိရပါတယ်။ ပထမဆုံးပြင်ဆင်ချက် အဆိုပြုချက်ကို ၁၇၈၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်တင်သွင်းခဲ့ပြီး ၁၇၉၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ပထမဆုံးပြင်ဆင်ချက် (၁၀)ခုနဲ့ ပတ်သက်ပြီး စုစုပေါင်း ၂ နှစ် ၂ လနဲ့ ရက်ပေါင်း ၂၀ တိတိ ကြာမြင့်ခဲ့ပါတယ်။ ပထမဦးဆုံးသော ပြင်ဆင် ချက်(၁၀)ခုကို ပေါင်းပြီး တော့ Bill of Rights လို့ ခေါ်ကြပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ် ခွင့်နဲ့ပတ်သက်ပြီး အခြေခံဥပဒေမှာ တိတိကျကျ ပေးအပ်ထားဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အထက်ပါ ဇယားမှာ ဖော်ပြထားတဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက်ကို အောက်ဖော်ပြပါ သရုပ်ဖော်ပုံမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

နောက်စိတ်ဝင်စားစရာ ကောင်းတာက နောက်ဆုံး (၂၇)ကြိမ်မြောက် ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် ပြင်ဆင်ချက်ကို ၁၇၈၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ တင်သွင်းခဲ့ပြီး ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့မှာ ပြင်ဆင်ချက် အတည်ပြုနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၂၀၂ နှစ်၊ ၇ လနဲ့ ၁၂ ရက်တိ တိ ကြာမြင့်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ပြင်ဆင်ချက်နဲ့ (၂၇)ကြိမ်မြောက် အတည်ပြုနိုင်ခဲ့တဲ့ ပြင်ဆင်ချက်တွေဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း တင်သွင်းခဲ့တာ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ (၂၇)ကြိမ်မြောက် ပြင် ဆင်ချက်က လွှတ်တော်အမတ်တွေရဲ့ လစာနဲ့ပတ်သက်ပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကနေ သူတို့ရဲ့ လစာကို ပြင်ဆင်ပြီ ဆိုရင် ပြင်ဆင်လိုက်တဲ့နှုန်းထားကို လက်ရှိ ကိုယ်စားလှယ်တွေ ခံစားပိုင်ခွင့်မရှိဘဲ နောက်ရွေးကောက်ပွဲပြီးမှ (နောက်လာမယ့် ကိုယ်စား လှယ်တွေ လက်ထက်ရောက်မှ) ခံစားပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။ ဒီပြင်ဆင် ချက်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုရေးအခွင့်အာဏာကို မိမိတို့ကိုယ် ကျိုးအတွက် အသုံးချနိုင်ခြင်းမပြုဖို့ အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းနိုင်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ လက်ဝယ်မှာ ရှိတဲ့ ဥပဒေပြုခွင့် အာဏာကို မိမိတို့အကျိုးအတွက် အသုံးချခြင်းကို ကန့်သတ်တဲ့ ပြင်ဆင် ချက် ဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ပြောနေကြတဲ့သူတွေ သတိပြုဖို့က (၁၅)ကြိမ်မြောက် ပြင်ဆင်ချက်နဲ့ (၁၉) ကြိမ်မြောက် ပြင်ဆင်ချက်တို့ပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေ စတင်အသက်ဝင်ပြီး နှစ်ပေါင်း (၈၀) ကျော် ကြာမှ (၁၅)ကြိမ်မြောက် ပြင်ဆင်ချက်နဲ့ လူမည်းတွေ မဲပေးခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမဲပေးခွင့် ရဖို့ အခြေခံဥပဒေပြင်ဆင်ခဲ့ရာမှာ စတင်တင်သွင်းတဲ့အချိန်ကနေ အတည်ပြုတဲ့အချိန်အထိ ၁၁ လနဲ့ ၈ ရက် ကြာမြင့်ခဲ့ပါတယ်။ တစ်ခါ ဒီ ပြင်ဆင်ချက်အရ အမျိုးသမီးတွေ မဲပေးခွင့် မရသေးပါဘူး။ ဘယ်အချိန်မှ ရသလဲဆိုတာကို (၁၉) ကြိမ်မြောက် ပြင်ဆင်ချက်မှ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေ စတင်ပြီး နှစ်ပေါင်း ၁၄၀ ကျော်ကြာမှ အမျိုးသမီးတွေ မဲပေးခွင့် ရရှိခဲ့တာပါ။ 
ဒီအခြေခံဥပဒေပြင်ဆင်ချက်ကို ၁၉၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တင်သွင်းခဲ့ပြီး ၁၉၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ တဲ့အတွင် ဒီပြင်ဆင်ချက်အတွက် ၁ နှစ်၊ ၂ လ နဲ့ ၁၄ ရက်တိတိ ကြာမြင့်ခဲ့တာတွေ့နိုင်ပါတယ်။ အခြေခံ ဥပဒေဆိုတာကတော့ စင်းလုံးချော မဟုတ်နိုင်ပါဘူး။ အမေရိကန် ဒီမိုကရေစီဆိုတာနဲ့ စတင်ဖြစ်ပေါ်လာ ကတည်းက နတ်ရေကန်ထဲ ပစ်ချလိုက်သလို အရာရာ ပြည့်စုံစွာနဲ့ ဥုံဖွ ဆိုပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တာ ဖြစ်တယ် ဆိုတာကို သိဖို့ အရေးကြီးပါတယ်။

●ပြင်ဆင်ရေး “ကကြီး” “ခခွေး”●
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်မှု အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ တစ်ကယ်တမ်းကတော့ အခြေခံဥပဒေက ဖြာထွက်လာတဲ့ ခက်မကြီး သုံးဖြာရဲ့ ညီညွတ် မျှတမှု၊ အပြန်အလှန် (အပြန်အလှန် ဟူသော စကားရပ်ကို သတိပြုပါ) ထိန်းကျောင်းမှု တွေဟာ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မျက်နှာမူကြဖို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေ စတင် ပေါက်ဖွားလာခဲ့ရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ပန်းတိုင်ကို ဘယ်လို သတ်မှတ်မလဲ စဉ်းစားသုံးသပ် ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒရယ်လစ်စ်လို့ ခေါ်တဲ့ ဖက်ဒရယ်ဝါဒီတွေ၊ နေရှင်နယ်လစ်စ်လို့ ခေါ်တဲ့ အမျိုးသားနိုင်ငံတည်ဆောက်လိုသူတွေ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်ဆင်ချက်ကို အတည်ပြုရာမှာလည်း ရှုထောင့်တစ်ခုတည်း၊ “ဘက်” တစ်ဘက်တည်း ရှုမြင်သုံးသပ်တာမျိုး မဟုတ်ဘဲ ဘက်စုံ ထောင်စုံ ရှုထောင့်အစုံ ရှုမြင်သုံးသပ်ပြီးမှ အတည်ပြုနိုင်ခဲ့ကြတာ ကို တွေ့ရှိရပါတယ်။ ပြီးတော့ ပြင်ဆင်ချက်တွေဟာ နောင်နှစ်ပေါင်းများစွာအထိ သဟဇာ လိုက်လျောညီ ထွေ တည်တံ့နေတာကို တွေ့မြင်နိုင်ပါတယ်။
အမေရိကန် အခြေခံဥပဒေ စတင်အာဏာတည်ခဲ့တဲ့ ၁၈၇၉ ခုနှစ်ကစတင်ပြီး ပြင်ဆင်ချက် အဆို ပြုခဲ့တာတွေကို ပြန်ပြီး ရေတွက်ကြည့်ရင် ပြင်ဆင်ချက် စုစုပေါင်း (၁၁၅၃၉) ကြိမ် ရှိခဲ့တာကို တွေ့ရှိရ ပါတယ်။ ဒါပေမယ့် (၇၅%)ထောက်ခံမှု ရယူပြီး အတည်ပြုနိုင်ခဲ့တဲ့ ပြင်ဆင်ချက်က (၂၇)ကြိမ်ပဲ ရှိခဲ့တာ ကို ထူးခြားချက်အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါကြောင်း သုတအလို့ငှာ ရှာဖွေလေ့လာ တင်ပြလိုက်ရ ပါတယ်။

[Democracy Today, 25 June 2015]
မှူးဇော်

No comments:

Post a Comment