Thursday 25 June 2015

ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲ ကျင်းပကာ အမျိုးသမီးလိင်ကျွန်များ ISIS ချီးမြှင့်

ယာဇီဒီလူနည်းစု ဘာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင် အမျိုးသမီးများကို စစ်သုံ့ပန်းများအဖြစ် ပြန်ပေးဆွဲထားသော ISIS များသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်း တိုက်ခိုက်ရေးသမားများ အတွက် ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲများ ပြုလုပ်ပေးကာ ဆုရရှိသူကို အမျိုးသမီး လိင်ကျွန် ချီးမြှင့် သည်ဟု Fox News သတင်းတစ်ရပ်က ISIS ၏ လူမှုကွန်ရက်အပေါ် လှုပ်ရှားမှုများအား စောင့်ကြည့်သည့် အဖွဲ့များကို ကိုးကားလျက် ဖော်ပြထားသည်။

ဆီးရီးယားနယ်မြေ အယ်ဘာရာကာ ပြည်နယ်တွင် IS လက်အောက်ခံ ဗလီများဆိုင်ရာ ဌာနက အထက်ပါ ပြိုင်ပွဲကို ဥပုသ်လ အဖွင့်ပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ISIS ၏ twitter စာမျက်နှာတွင် ဖော်ပြထားခဲ့ ဖူးကြောင်း အရှေ့အလယ်ပိုင်းမီဒီယာ သုတေသန အင်စတီကျုက ဆိုသည်။

ယင်းအင်စတီကျုကဲ့သို့ပင် Clarion Project ကလည်း ထောက်ခံပြောဆို ထားပြီး အဆိုပါ အဖွဲ့အစည်း များသည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သည့် လူမှုကွန်ရက် မီဒီယာစာမျက်နှာများကို သုတေသန ပြုနေကြသူများ ဖြစ်သည်။ 

Twitter တွင် ကြေညာထားသော ဘုရားစာရွတ်ဖတ် အာဂုံဆောင်ပြိုင်ပွဲ ကြေညာချက်တွင် ဥပုသ်လ အဖွင့်ကာလတွင် ISIS စစ်သားများနှင့် ဌာနများကို ဂုဏ်ပြုကြောင်း ရေးသားဖော်ပြထားသည်။

ပါဝင်ယှဉ်ပြိုင်သူများကို စစ်ဆေးသွားမည် ဖြစ်သည့် အကြောင်းနှင့် ရရှိမည့် ဆုများကိုလည်း ဖော်ပြထားသည်။

စစ်ပွဲတွင် ဖမ်းဆီးရမိပြီး ကျွန်ပြုထားသည့် မိန်းကလေးကို sibya များဟု ခေါ်ဆိုကြပြီး ပထမရသူကို အဆိုပါ မိန်းကလေးဆု ချီးမြှင့်မည်ဟု ဆိုထားသည်။

ပြိုင်ပွဲပြုလုပ်ရခြင်းမှာ ၎င်းတို့သည် စစ်မှန်သော ဘာသာရေးသမား မွတ်ဆလင်များ ဖြစ်ကြကြောင်းနှင့် အစ္စလာမ္မစ်နိုင်ငံတော်ခေါ်သည့် နေရာသည် တရားဝင်နိုင်ငံ ဖြစ်ကြောင်း၊ နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချ နေခြင်းမှာ မထိရောက်ဘဲ တိုက်ခိုက်ရေးသမားများက ကိုရမ်ကျမ်းကို လေ့လာနေကြကြောင်း ထောက်ပြလိုသည့် ရည်ရွယ်ချက် ဖြစ်မည်ဟု Clarion Project မှ ရိုင်ယန်မူရို ဆိုသူက ပြောကြားသည်။

ကျွန်စနစ်ကို ပြသခြင်းဖြင့် ISIS စစ်သွေးကြွများက ၎င်းတို့သည် ကျမ်းစာကို အမှန်တကယ် ဘာသာပြန် အဓိပ္ပာယ် ကောက်ယူသူများဟု လူသိစေချင်ကာ လုပ်ငန်းလည်ပတ်နေသော ပညာရေးစနစ်တစ်ခု ရှိပြီး အမှန်တကယ် အစ္စလာမ္မစ်နိုင်ငံ ဖြစ်ကြောင်း ပြောလိုခြင်း ဖြစ်မည်ဟု လေ့လာသူများက အကဲခတ်ကြ သည်။

ISIS နယ်မြေတွင် မိန်းကလေးများနှင့် အမျိုးသမီးများကို ဆိုးဝါးစွာ ဆက်ဆံနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုထားပြီး အီရတ်ဘက်မှ ယာဇီဒီလူနည်းစု ဘာသာဝင် အမျိုးသမီး ၃၀၀ ကို အစ္စလာမ်ဘာသာဝင်ခိုင်းကာ ဆီးရီးယားဘက်မှ တိုက်ခိုက်ရေးသမားများထံသို့ တစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ ဖြင့် ရောင်းစားသည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment