Thursday 25 June 2015

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၀ ခန့်ရှိလာ

ဓာတ်ပုံ − ရိုက်တာ 
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိအချိန်ထိ ဖြစ်ပွားသူ ကိုးထောင် ကျော် နှင့် သေဆုံး သူ လေးဆယ်ဦးခန့် ရှိလာ ကြောင်း သတင်းရရှိသည်။

ယခုနှစ်စမှ စတင်ကာ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၂၀၁၄ ကထက် သုံးဆခန့် မြင့်တက်နေပြီး သေဆုံးမှုမှာ နှစ်ဆကျော်မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာ ရေးနှင့် ကူးစက် ရောဂါကာကွယ်ကုသရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောသည်။ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုလွင်ငြိမ်းက ပြောသည်။

‘‘သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး အဓိကလုပ်နေရတယ်။ အခုဖြစ်တာက လူကိုးထောင်ကျော်နဲ့ သေဆုံး တဲ့သူက လေးဆယ်လောက်ရှိနေတယ်။ မားစ်က အရေးကြီးပေမယ့် အခုအဖြစ်များလို့ တိုးမြှင့်ဆောင်ရွက် နေရတာ သွေးလွန်တုပ်ကွေးပဲ’’ဟု ၎င်းကပြောသည်။ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးကဲ့သို့ လူဦးရေ ထူထပ် များပြားသော ဒေသများတွင် ပိုမိုအဖြစ်များပြီး ယင်းကဲ့သို့ များပြားရခြင်းမှာ လူဦးရေသိပ်သည်းမှု များပြားလာခြင်း၊ ရေသိုလှောင် မှုနှင့် စွန့်ပစ်ပစ္စည်း များလာခြင်း၊ ကူးသန်းသွားလာမှု  များပြားလာခြင်းနှင့် သွေးလွန်တုပ်ကွေးကာ ကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များ ရှိနေ သေးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သွေးလွန်လုပ်ကွေး ရောဂါကာကွယ်ထိန်းသိမ်းမှုများ ယခုလအတွင်း မပြုလုပ်နိုင်ပါက ရှေ့လများ တွင် ကလေးသေဆုံး မှုများ ပိုမိုမြင့်တက်လာနိုင်သည် ဟု ဆေးပညာရှင်အချို့က သုံး သပ်ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါ မှာ ၂၀၁၃ တွင် တိုင်းနှင့်ပြည်နယ် များ၌ ကပ်ရောဂါအသွင်ဖြစ် ပွားခဲ့သည်။ ၂၀၁၄ တွင်မူ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် တစ် သောင်းသုံးထောင်ရှစ်ရာခန့် ဖြစ် ပွားခဲ့ကာ ၀ ဒသမ ၃၂၅ ရာခိုင်နှုန်းခန့် သေဆုံးခဲ့ပြီး၊ မွန်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင် ပိုမိုအဖြစ်များကြောင်း သိရသည်။

ယခုနှစ်တွင်လည်း ဖြစ်ပွားနှုန်းများ မြင့်တက်နေ၍ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမာလာစိုးက ပြောသည်။

‘‘သူ့ရဲ့သဘောက ၂ နှစ်၊သုံးနှစ်ခြားလောက်မှာ ကပ်အသွင် ဖြစ်တတ်တယ်။ အခုက ကျောချင်းကပ်နှစ် ၂၀၁၄ မှာမဖြစ်ခဲ့တော့ ဒီနှစ်ဖြစ်ဖို့ အလားအလာ ရှိတယ်။ ဘာကြောင့်လဲဆို တော့  ရန်ကုန်တိုင်းအတိုင်းအ တာနဲ့ ကြည့်မယ်ဆိုရင်တောင် ၂၀၁၃ ကလိုပဲ ဖြစ်ပွားနှုန်းက ရှိ နေတာဆိုတော့ မှန်းလို့ရတယ်’’ ဟု ၎င်းကပြောသည်။

ယခုနှစ်စမှ ဇွန်လ ၁၇ ရက်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ရှစ်ထောင်ကျော်ရှိပြီး သေဆုံးသူ ၃၇ ဦးထိရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့်နှစ် ၅၀ အတွင်းက သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ထက် ယခုကာလတွင် အဆ  ၃၀ ခန့် ဖြစ်ပွား မှုများ ပိုမို များပြားလာပြီး ကမ္ဘာ့လူဦးရေ သန်း ၅၀ ခန့်သည် သွေးလွန်တုပ်ကွေး ရောဂါခံစားနေရကာ ယင်းရောဂါကြောင့် နှစ်စဉ်လူဦးရေ နှစ်သောင်းလေးထောင်ခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က  သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment