Friday 22 May 2015

နိုင်ငံတကာ ကောင်စစ်လုပ်ငန်းများနှင့်အညီ မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ပြီး ဟုတ်မှန်လျှင် ပြန်ခေါ်မည်ဟု ဒုသမ္မတပြော

တပ်မတော်ကမြန်မာ့ပိုင်နက်အတွင်း ကင်းလှည့်ခြင်း၊ ဒုက္ခသည်များအား ရှာဖွေကယ်ဆယ်ခြင်းများ ဆောင် ရွက်နေ။
မြန်မာနိုင်ငံမှလာရောက်သူအရေအတွက် အနည်းငယ်ပါနိုင်သော်လည်း အများစုမှာမြန်မာမှ မဟုတ် ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုဟု ဒုသမ္မတပြော။
မလေးနှင့် အင်ဒိုရောက် မြန်မာဟုပြောသူများကို နိုင်ငံတကာကောင်စစ်လုပ်ငန်းနှင့်အညီ ဟုတ်၊ မဟုတ် စိစစ်ပြီး ဟုတ်မှန်လျှင် စောင့်ရှောက်ခြင်း၊ ပြန်ခေါ်ခြင်းများ ပြုလုပ်မည်။

တပ်မတော်အနေဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ပုံမှန်ကင်းလှည့်ခြင်း၊ ဘေးဒုက္ခရောက်သူ များအား ရှာဖွေကယ်ဆယ်ခြင်း များကို ပင်လယ်ရေကြောင်းလုံခြုံ ရေးဆိုင်ရာ အဓိကတာဝန်တစ်ရပ် အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း မေလ ၂၁ ရက်တွင် ပြု လုပ်ခဲ့သည့် ပင်လယ်ပြင်အတွင်း တရားမ၀င် ရွှေ့ပြောင်းသွားလာ သူများဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေး၌ ဒုသမ္မတ ဦးဉာဏ်ထွန်းက ပြော ကြားခဲ့သည်။

ကပ္ပလီပင်လယ်နှင့်မလက္ကာ ရေလက်ကြားတို့တွင် ဖြစ်ပေါ် လျက်ရှိသည့် လှေစီးဒုက္ခသည် များအရေး နိုင်ငံတကာ၏မီးမောင်း ထိုးမှုမြင့်တက်နေခိုက်တွင် နေပြည်တော်က ဤအရေးပေါ်ကော် မတီကို ဖွဲ့စည်း ဆွေးနွေးမှုပြုခဲ့ ခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံအနေဖြင့် တရားမ၀င်ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုမှုနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတို့ကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တားဆီးနိုင်ရန် မြန်မာ့ ရေပိုင်နက်အတွင်း ပုံမှန် ကင်းလှည့်ခြင်း၊ ဘေးဒုက္ခရောက် သူများအားရှာဖွေကယ်ဆယ်ခြင်း တို့ကို တပ်မတော်၏ပင်လယ်ရေ ကြောင်းလုံခြုံရေးဆိုင်ရာ အဓိကတာဝန်တစ်ရပ်အဖြစ် သတ်မှတ် ဆောင်ရွက် လျက်ရှိကြောင်း ဒု သမ္မတဦးဉာဏ်ထွန်းက အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒုဗိုလ် ချုပ်ကြီးကိုကိုက အရှေ့တောင် အာရှနိုင်ငံများသို့ သွားရောက်ရာမှ စက်ချို့ယွင်း ပြီး မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား အရေးယူခဲ့မှု၊ သက်ဆိုင်ရာ နိုင်ငံ သို့ ပြန်လည်ပို့ဆောင်မှုအခြေအ နေများနှင့်ပတ်သက်၍ပြောကြား ခဲ့သည်။

ယခုလ ၁၇ ရက်တွင် ရ ခိုင်ပြည်နယ် မောင်တောမြို့နယ် ဥဒေါင်းအနောက်(အနောက် ရွာ)အနီး ကန်ပူး ချောင်း ပုစွန်ကန်ရှိ တဲအတွင်းမှ တွေ့ရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးကို လိုအပ်သော စိစစ်မှုများပြုလုပ်၍ အုပ်ချုပ်မှု ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ဒုဗိုလ်ချုပ်ကြီးကိုကိုက ပြောသည်။

ဒုသမ္မတက ပြောကြားရာတွင် မြန်မာနိုင်ငံပိုင်နက်ရေပြင်အား ကြားစခန်းထောက်အဖြစ် အသုံးပြုသွားလာမှု များကိုလည်း ပင်လယ်ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြဲမပြတ်စောင့်ကြည့် ပြီး လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ကြရန်ဖြစ်သည် ဟုဆိုသည်။ မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိလာသည့်ပင် လယ်တွင်း လှေစီးဒုက္ခသည်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ လူသားချင်စာ နာမှု အကူအညီများပေးပြီး မည်သည့်နိုင်ငံမှ အစပြုသည်ဖြစ်စေလိုအပ်သောကာကွယ်စောင့်ရှောက်မှု၊ စိစစ်မှုများပြုလုပ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခြင်းများ ဆောင်ရွက်ရ မည်ဟု ဆို၏။

‘‘ပင်လယ်တွင်း လှေစီးဒုက္ခ သည်များသည် မြန်မာနိုင်ငံမှလာ သည်ဟု စွပ်စွဲပြောကြားနေမှုများ အပေါ် မြန်မာနိုင်ငံမှ လာရောက်သူ အနည်းငယ်ပါကောင်းပါဝင်နိုင်သော်လည်း အများစုမှာ မိမိတို့နိုင်ငံမှမဟုတ် သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုပါကြောင်း’’ဟု ဒုသမ္မတကနိုင်ငံပိုင် မီဒီယာထုတ်ပြန်ချက်မှ တစ်ဆင့် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားဟုတ်၊ မဟုတ် လိုအပ်သည့်ဇာစ်မြစ်ကို စိစစ်ခြင်း၊ နိုင်ငံတကာကောင်စစ် လုပ်ငန်းများနှင့် အညီ စိစစ်မှုများကို ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်လျှင် ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်းများ ပြုလုပ်မည်ဟု ဒုသမ္မတက ပြောကြား သည်။ မြန်မာနိုင်ငံအနေဖြင့် လူ မှောင်ခိုမှု၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးနှင့် တရားမ၀င်ရွှေ့ ပြောင်းသွားလာမှု ပြဿနာများ သည် ဒေသတွင်း၌ ဖြစ်ပွားနေ သည့် ပြဿနာဖြစ်၍ မိမိတို့နိုင်ငံ တစ်နိုင်ငံတည်း ဆောင်ရွက်သွား ရန်ခက်ခဲ၍ ဒေသတွင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရ မည်ဟု ဒုသမ္မတကပြောသည်။

‘‘ပြဿနာကို လွဲမှားသည့် ရပ်တည်ချက်များ လက်တွေ့နှင့် ကွင်းကွာသည့် ရပ်တည်ချက်၊ ရှုမြင်ချက် များနှင့် တရားသေဆုပ်ကိုင်ပြီး ဖြေရှင်းရန် ကြိုးပမ်းခြင်းသည် မှန်ကန်သည့်အဖြေဒေသတွင်း နိုင်ငံများ အားလုံးအတွက် အကျိုးဖြစ်မည့် ရလဒ်များနှင့်ဝေး ကွာစေမည်ဖြစ်ပါကြောင်း၊ ယခု ပြဿနာကို တစ်ယူသန် တံဆိပ် ကပ်စွပ်စွဲမှုများလုပ်ပြီး ချဉ်းကပ် ပါက ပူးပေါင်းဆောင်ရွက်မှု အား နည်းသွားစေနိုင်ပါကြောင်း ၎င်း ကထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယသမ္မတဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေးအပြီး ထုတ်ပြန် ရာတွင် ရခိုင်ပြည်နယ် အခြေအနေသည် ၂၀၁၂ ပဋိပက္ခဖြစ်ပွားသည့် အချိန်နှင့် များစွာကွာခြား နေပြီဖြစ်ကြောင်း၊

လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခ ဖြစ်ပွားခြင်း မရှိကြောင်းဖော်ပြပါရှိသည်။ ထို့အပြင် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများကို အမြဲတမ်း နေထိုင်ရမည့်နေရာများသို့ ရွှေ့ပြောင်းအခြေချနိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေးနေသကဲ့သို့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့် အလမ်း အသစ်များ ဖော်ထုတ်ပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

7Day DAILY 

No comments:

Post a Comment