Friday 22 May 2015

လှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှ ဖြစ်ကြောင်းပြောကြားချက်ကို လက်မခံနိုင်ဟု သမ္မတဦးသိန်းစိန် တုံ့ပြန်ပြောကြား

ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများလိုက်ပါ လာသည် ဆိုသော ပင်လယ်ပြင်တွင် မျောပါ နေသည့်လှေကို အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းရိုးတန်း၌ မေလ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေ ပိုင်နက်တွင် တွေ့ရှိပါက စောင့် ရှောက်စိစစ်မှုများ ပြုလုပ်မည်ဖြစ်သော်လည်း ယင်းလှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဖြစ်ကြောင်း ပြောကြားချက်ကို လက်မခံနိုင်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ဒုနိုင်ငံခြားရေး ၀န်ကြီးအား ပြောကြားလိုက်သည်။

မေလ ၂၁ ရက်က သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ သည် နေပြည်တော် သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ် ပင်လယ်တွင်း လှေစီးဒုက္ခသည်များအရေး စိုးရိမ်ကြောင်း ဒုဝန်ကြီး၏ ပြော ကြားချက်အပေါ် သမ္မတ ဦးသိန်းစိန်က ပြန်လည်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပင်လယ်အတွင်း မှ အခြားဒေသသို့ ရောက်ရှိသွားသူများအနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း

ပြောဆိုနေသူများကို နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မည်ဖြစ်ပြီး လူမှောင်ခိုကူးမှုနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတက ကန်ဒုဝန်ကြီးအား ပြောကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်  ဦးရဲထွဋ်က ပြောသည်။

‘‘လှေနဲ့ ရွှေ့ပြောင်းနေသူတွေက မြန်မာနိုင်ငံကလို့ ပြောရင် ဒုက္ခသည်အဆင့်အလွယ်တကူ ရနိုင်တဲ့ အတွက် လူမှောင်ခိုကူး သူတွေက ဒီစကားလုံးကို အသုံးချနေကြောင်း ထောက်ပြတယ်။ ဒါကြောင့် အခု ရောက်နေသူတွေ အားလုံးကို မြန်မာကလို့ ပြောတာမျိုး လက်မခံကြောင်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။ အရှေ့တောင်အာရှဒေသတွင်း ရွှေ့ပြောင်းသူများဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန် မှုများကို ကန်နိုင်ငံခြားရေးဒုဝန်ကြီးက နေပြည်တော်တွင် မျှဝေ ပြောကြားခဲ့ကြောင်း အမေရိကန် သံရုံး(ရန်ကုန်)က ထုတ်ပြန်သည်။

ယခုပြဿနာကို ရင်ဆိုင်ဖြေရှင်းရေး ဒေသတွင်း မိတ်ဖက်များနှင့် အတူတကွ လုပ်ဆောင်ရန် မြန်မာ အစိုးရအား ၎င်းက တိုက်တွန်းခဲ့သည်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရန် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများနှင့် မျိုးစောင့်ဥပဒေလေးခုတွင် ပါရှိသည့် ၀ိရောဓိများကိုလည်း ဒုဝန်ကြီးက အလေးထား ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဒုဝန်ကြီး အန်ထော်နီဘလင်ကင်းဦးဆောင်သည့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ် အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်းနှင့် လှေစီးဒုက္ခသည်များအရေးအပြင် ၂၀၁၅ ရွေး ကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်ဟုသတင်းရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပင်လယ်အတွင်း မျောနေကြသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်အ ရေးတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ဒုက္ခသည်များကို လက်မခံနိုင်သဖြင့် ကမ်းကပ်ခွင့်မပေးဘဲ အစားအစာနှင့် ရေများဖြည့်ဆည်းပေးလျက် ပင်လယ်ပြင်အတွင်း ပြန်လွှတ်ခဲ့သည်။ ထို့နောက် နိုင်ငံတကာ ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် မေလ ၂၀ ရက်က မလေးရှားနှင့် အင်ဒိုနီးရှားတို့က ဒုက္ခသည်များကို ယာယီလက်ခံမည် ဖြစ်ကြောင်း နိုင်ငံတကာသို့ ပြောကြားခဲ့သည်။ လှေစီး ဒုက္ခသည်များကို မြန်မာ နိုင်ငံသားဖြစ်ပါက ပြန်လည်လက်ခံမည်ဟု အစိုးရ၏ပြောကြားချက်ကို ကြိုဆိုပြီး ရွှေ့ပြောင်းဒုက္ခသည်များ အရေးမှာ တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေရ သည့် ပြဿနာဖြစ်၍ ဒုက္ခသည် များကို အရေးကြုံမှ ကူညီကယ် ဆယ်ခြင်းထက် ဒုက္ခသည်များ ပေါ်ပေါက်ရသည့် ဇာစ်မြစ်ကို ရှာဖွေ၍ ထိထိရောက် ရောက်ကိုင် တွယ်ပြုပြင်ရန်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က RFA နှင့် သီးသန့်မေးမြန်းခန်း၌ ပြော ကြားခဲ့သည်။

7Day DAILY 

No comments:

Post a Comment