Monday 18 May 2015

ရှေ့တန်းမှ တပ်မတော်သားများအား ဂုဏ်ပြုသည့်အနေဖြင့် မွေးရေ/ကျေးလက် ၀န်ကြီးဌာနက ၀က်ကောင်ရေ ၃၀၀၊ ဆိတ် ၁၀ ကောင် ပေးပို့ဟုဆို

ကိုးကန့်ဒေသမှ တပ်မတော်သားများအတွက် ပေးပို့လိုက်သောဝက်များ (ဓာတ်ပုံ − ၀န်ကြီးဦးအုန်းမြင့် ဖေ့စ်ဘွတ်ခ်)
ကိုးကန့်တိမ်းရှောင်အဖွဲ့ခြေကုပ်ယူထားသော အဓိကတောင်ကုန်းများကို သိမ်းပိုက်အနိုင်ရခဲ့ကြသည့် အောင်ပွဲရတပ်မတော်သားများအတွက် မွေးရေ/ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဂုဏ်ပြုသည့်အနေဖြင့် ၀က်ကောင်ရေ ၃၀၀ နှင့် ဆိတ်၁၀ကောင်အား ပေးပို့လိုက်ကြောင်း သိရသည်။

‘‘DYL ၀က်အကောင်သုံးရာနဲ့ ဆိတ်၁၀ကောင် မေလ၁၅ ရက်နေ့လောက်ကိုင်ရောက်ပြီ။ မငြိမ်းသေးတဲ့ မီးတွေနဲ့ B.B.Q ကြ။ဒေသထွက်ဝက်တွေ တစ်လှေကြီးရှိသေးတယ်။ ဆက်ပြီးအောင်မြေချဲ့ကြ’’ဟု ပြည် ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လောက်ကိုင်သို့ ပေးပို့လိုက်သည့် ၀က်များ အား ရိုက်ကူးထားသည့် ဓာတ်ပုံအချို့နှင့်အတူ မေလ ၁၇ရက်တွင် ရေးသားခဲ့သည်။

ဝန်ကြီး ဦးအုန်းမြင့်သည် လောက်ကိုင်ဒေသရှိ  တပ်မတော်သားများ စားသောက်အောင်ပွဲခံနိုင်ရန် ၀က်များပေးပို့မည်ဟု ပြီးခဲ့သည့် မေလ ၁၂ ရက်ကပြောကြား ခဲ့ဖူးသည်။

‘‘တောင်ကုန်းတွေပေါ်က ကမ္ဘာ့လူသားအားလုံးကို ဒုက္ခပေးမယ့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး နေသူ တွေကို သုတ်သင်ချေမှုန်းနိုင်ခဲ့တာမို့ ဂုဏ်ယူချီးကျူးတယ်ဟေ့။ ငါတို့ဆီက ၀က်အရှင်တွေ ပို့လိုက်မယ်။ ၀က်ဝက်ကွဲ အောင်ပွဲခံကြ။ မွေးမထားနဲ့။ တစ်ခါတည်း သတ်စား’’ဟူ၍ မေလ ၁၂ ရက်က ၎င်း၏ ဖေ့စ် ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

ယခုကဲ့သို့ တပ်မတော်သားများအား ဂုဏ်ပြုခြင်းအပေါ် ကောင်းမွန်သည့်အစီအစဉ်ဖြစ်ကြောင်း ဖေ့စ် ဘွတ်ခ်သုံးစွဲသူအချို့က မှတ်ချက်ပေးခဲ့ကြပြီး အချို့ကလည်း အောင်ပွဲခံရန်ဝက်များကို မသတ်သင့်ကြောင်း မှတ်ချက်ရေးသူရှိခဲ့သည်။

လောက်ကိုင်သို့ ပေးပို့လိုက်သည့် ၀က်ကောင်ရေ ၃၀၀ နှင့် ဆိတ်၁၀ ကောင်ကို ကျေးလက်ဖွံ့ဖြိုးရေးဘဏ် က CSR လူမှုရေးထောက်ပံ့ခြင်းရန်ပုံငွေဖြင့် မွေးရေ/ကျေးလက်ဌာန၏ ထုံးဘိုဝက်ခြံမှ ၀ယ်ယူ ထောက်ပံ့ ဂုဏ်ပြုခြင်းဖြစ်ပြီး ကိုယ်ရေးကိုယ်တာ မပါဝင်ကြောင်း ဦးအုန်းမြင့်ကဆိုသည်။

ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်အဖွဲ့ (MNDAA) အဓိကခြေကုပ်ယူထားသည့် ပွိုင့် (၂၀၂၂) တောင်ကုန်း ကို အစိုးရတပ်မတော်က မေလ ၁၄ ရက် ည ၁၀ နာရီတွင် တပ်မတော်က ပူးပေါင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဆုတ်ခွာသွားသော ကိုးကန့်အဖွဲ့အကြွင်းအကျန်များကို စစ်ကြောင်း သုံးကြောင်းခွဲ၍ ဆက်လက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ မေလ ၁၆ ရက်တွင် ပွိုင့်(၂၀၇၀) တောင်ကုန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟုဆိုသည်။

7Day DAILY 

No comments:

Post a Comment